အပြီးဆောက်

December 6, 2020

ဗန်းမော်တွင် ပေ ၁၇၀၀ ရှိ သစ်ဝါးအသုံးပြု မြစ်ကူးတံတားကို တရက်တည်း အပြီးဆောက်လုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ သစ်နဲ့ဝါးတွေကိုအသုံးပြုပြီး အရှည်ပေ ၁၇၀၀ ရှိတဲ့ တာပိန်မြစ်ကူးတံတားကို ကျေးရွာလူထုအင်အားနဲ့ တစ်ရက်တည်း အပြီးဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့နဲ့တာပိန်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို ဖြတ်သန်းသွားလာလို့ရမယ့် တာပိန်မြစ်ကူးတံတားကို ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာသူကျေးရွာသားတွေက ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီက စတင်တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ညနေပိုင်းမှာ ပြီးစီးခဲ့တာပါ။ စင့်ကင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက "၁၉၇၄ ခုနှစ်ကစပြီး တံတားတည်ဆောက်ခဲ့တာ၊ တနှစ်မှ မပျက်ဘူး။ အဲ့ကတည်းက ရွာအင်အားနဲ့ပဲ လုပ်ခဲ့တာ။ အရင်တုန်းကတော့ လေးရက်လောက် လုပ်ခဲ့တာ။ အရင်တုန်းက တံတားကြမ်းခင်းက ဝါးချပ်ကြမ်းခင်း အသုံးပြုခဲ့တာ။ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်ကစပြီး သွားလာရေး အဆင်ပြေစေရေးအတွက်  ဝါးကြမ်းခင်းအစား ပျဉ်ချပ်အစားထိုးခဲ့တာ" လို့ ပြောပါတယ်။ အဲဒီတံတားကို နှစ်စဉ် တာပိန်မြစ်ရေနည်းပါးချိန်မှာ စတင်တည်ဆောက်ကြတာပြီး မြစ်ရေတိုးချိန် ဇွန်လမှာ တံတားပျက်စီးတာလို့ ဆိုပါတယ်။ ဗန်းမော်မြို့နဲ့ ကူးသန်းသွားလာရာမှာ ကူးတို့ရေယာဉ်နဲ့သာ သွားလာကြရပြီး တံတားတည်ဆောက်တာကြောင့် ဗန်းမော်မြို့နဲ့တစ်ဘက်ခြမ်းကျေးရွာတွေဖြစ်တဲ့ စင့်ကင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူ  ၂၃၀၀၀ ကျော်လောက် ဗန်းမော်မြို့ကို နေ့ညအချိန်မရွေး ကူးသန်းသွားလာနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာလည်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလွင်က ချဉ်းကပ်လမ်းအပါအဝင် ပေ ၂၀၀၀ လောက်ရှိ ကွန်ကရစ်တံတားဆောက်လုပ်ပေးဖို့ မေးမြန်းထားတယ်လို့ သိရပါတယ်။ ကျော်ဇေယျ CJ(ရွှေကူ)
5 months Ago

September 27, 2020

မွန်ပြည်နယ်၌ ကိုဗစ်လူနာများထားရန် ယာယီဆေးရုံကို နှစ်ပတ်အတွင်း အပြီးဆောက်မည်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု တိုးမြင့်လာတာကြောင့် လူနာ ၃၀၀ နီးပါးလောက် ထားရှိနိုင်မယ့် ယာယီဆေးရုံ ၁ ရုံကို နှစ်ပတ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီးက ပြောပါတယ်။  မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင် ပြည်သူ့ဆေးရုံ တခုတည်းမှာပဲ စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။  အဲလို ကုသပေးရာမှာ လူနာအရေအတွက် များလာတဲ့အတွက်ကြောင့် မော်လမြိုင်က ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်အိမ်ရာမှာ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်လူနာတွေ ပြောင်းရွှေ့ကုသပေးနေတာပါ။ အခုအခါမှာတော့ ကိုဗစ်-၁၉ လူနာတွေ များလာပါက ထားဖို့အတွက် ယာယီဆေးရုံကို မော်လမြိုင်ပြည်သူ့ဆေးရုံအရှေ့က မော်လမြိုင်အထက ၁ ကျောင်း ဘောလုံးကွင်းမှာ စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး စတင်တည်ဆောက်နေတာလို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ကုတင် ၁၀၀၊ ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာမှာ ကုတင် ၁၉၀ ကျော် ပြင်ဆင်ထားတာပါ။ ဒါပေမယ့် ကိုဗစ်လူနာများလာပါက အလွယ်တကူ အသုံးပြုနိုင်ဖို့ ယာယီဆေးရုံကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ယာယီဆေးရုံအတွက် မော်လမြိုင်ပြည်သူ့ဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ထပ်ထုတ်ပေးဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ ဆရာဝန် အသင်းအပါအဝင် ပြင်ပဆရာဝန်တွေနဲ့ စုစည်းဆောင်ရွက်မှ အဆင်ပြေမယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ မော်လမြိုင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်ဟာ ကိုဗစ်-၁၉ ရောဂါ အများဆုံး ကူးစက်ခံထားရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ ညဦးပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂၂ ဦးအထိ ရှိလာပြီုး အဲဒီထဲမှာ အသက် ၁၅ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ အပါအဝင် ၂ ဦး သေဆုံးထားပါတယ်။  ဇော်လွင်ထွဋ်
7 months Ago
Up