အပြန်အလှန်ဆန္ဒပြပွဲ

October 11, 2020

အမေရိကန်နိုင်ငံ အုပ်စုနှစ်စု အပြန်အလှန်ဆန္ဒပြပွဲတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့မှာ လက်ဝဲယိမ်းနဲ့ လက်ယာယိမ်း အုပ်စု ၂ စု အပြိုင်ဆန္ဒပြပွဲအတွင်း အမျိုးသား တယောက် အသေပစ်သတ်ခံရလို့ သံသယရှိသူ တယောက်ကို ရဲက ထိန်းသိမ်းထားပါတယ်။  ပစ်ခတ်သူဟာ အရင်က ပုဂ္ဂလိက လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်ဖူးတယ်လို့ ရဲက ပြောပါတယ်။  အဖမ်းခံရတဲ့ အမျိုးသားဟာ ရုပ်သံဌာနတခုက သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့ ငှားထားတဲ့ လုံခြုံရေးအစောင့်ဖြစ်တယ်လို့ NBC သတင်းဌာနရဲ့ မိတ်ဖက် ကူဆာတီဗီက သူ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။  ဒန်ဗာအနုပညာပြတိုက်ဝင်းထဲမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။  သူရဲကောင်းချီတက်ပွဲလို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုအတွင်း တခြားအုပ်စုတွေက တန်ပြန် သပိတ်မှောက်နေတုန်း ခုလိုဖြစ်တာပါ။  ဒန်ဗာမြို့ဆိုင်ရာ ရဲစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက သံသယရှိသူရဲ့ အလုပ်အကိုင်ကို အတည်မပြုပါဘူး။  ပစ်ခတ်ခံရလို့ သေဆုံးသူရဲ့ နာမည်ကိုရော သံသယရှိသူရဲ့ နာမည်ကိုပါ အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။  ဒန်ဗာပို့စ်သတင်းဌာနရဲ့ သတင်းထောက် တယောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာတော့ အမျိုးသား တယောက်က သေနတ်ကိုင်ထားတဲ့ နောက်အမျိုးသားတယောက်ကို ဓာတုပစ္စည်းရည်နဲ့ ဖြန်း ပက်နေတာကို တွေ့ရပါတယ်။  
8 months Ago
Up