အန်စီအေလက်မှတ်ထိုးနိုင်ရေး

February 20, 2020

အန်စီအေ လက်မှတ်ထိုးနိုင်ရေး အားလုံးနှင့်ညှိနှိုင်းဆောင်ရွက်မည်ဟု SSPP ပြော 

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ထိုးဖို့ ပြဿနာမရှိပေမယ့် FPNCC အဖွဲ့ဝင်ဖြစ်လို့ အားလုံးနဲ့ညှိနှိုင်းပြီးမှ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးကို ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီးစိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။  သူတို့တဖွဲ့တည်းမဟုတ်ဘဲ UWSA ‘ဝ’ တပ်ဖွဲ့ခေါင်းဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့တွေအားလုံး လက်မှတ်ထိုးရေးမှာ ပါဝင်လာရင်ပိုကောင်းတယ်လို့လည်း ဒုတိယ ဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။  အန်စီအေစာချုပ်ဖြစ်ပေါ်လာဖို့ကြိုးပမ်းခဲ့စဉ်တုန်းကလည်း  ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)အနေနဲ့ အစအဆုံး ပူးပေါင်းပါ ဝင်ခဲ့တာကြောင့် အဲဒီစာချုပ်အပေါ် အကောင်းမြင်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်အထိကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့နည်းလမ်းက လက်နက်ကိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီအပြင် ရှမ်းပြည်တိုးတက်ရေးပါတီအနေနဲ့ FPNCC အဖွဲ့အားလုံးနဲ့အတူ အန်စီအေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်နိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးညှိနှိုင်းမယ်လို့လည်း ပြောပါတယ်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)မှာ အန်စီအေ လက်မှတ် မထိုးရသေးတဲ့  'ဝ'အဖွဲ့၊ မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လက်နက်ကိုင် အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ပါဝင်ပါတယ်။ ဓာတ်ပုံ- SSPP
1 year Ago
Up