အန်အယ်လ်ဒီ

June 10, 2019

အန်အယ်လ်ဒီ ပြည်မြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဓားထိုးခံရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အန်အယ်လ်ဒီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဥာဏ်ဝင်း ဒီကနေ့ ဇွန်လ ၁၀ရက်က ဓားထိုးခံရပြီး ဒဏ်ရာနဲ့ ပြည်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။ မြေယာအငြင်းပွားမှု ဖြေရှင်းရင်း တယ်လီဖုန်းပျောက်ခဲ့တာနဲ့ ပတ်သက်ပြီး  ဖုန်းခိုးသူလို့ စွပ်စွဲခံရတဲ့ အမျိုးသားတဦးက ကိုကျော်ကျော်ဥာဏ်ဝင်းကို  ပြည်ခရိုင် တရားရုံးအရှေ့က ထမင်းဆိုင်မှာ ဓားလို့ယူဆရတဲ့ အချွန်လက်နက်တခုနဲ့ လည်ပင်းကို ထိုးပြီး ထွက်ပြေးသွားတယ်လို့  ဆိုင်ရှင်ဒေါ်အေးက ပြောပါတယ်။ အခင်းဖြစ်ဖြစ်ချင်းပဲ အနားမှာရှိတဲ့ ကားတစီးကို အကူအညီတောင်းပြီး ဒဏ်ရာရသူကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသပေးနေပြီး ဒဏ်ရာတချက်က လည်ပင်း ထုတ်ချင်းပေါက်သွားပြီး လတ်တလော သွေးထွက်လွန်နေလို့  စကားသံမထွက်တော့တဲ့ အခြေအနေမှာရှိတယ်လို့ ပြည်ဆေးရုံကြီးက သိရပါတယ်။ တရားခံကတော့  ကုန်သည်လမ်းကနေ တခြားလမ်းတွေဘက်ကို ထွက်ပြေးသွားပြီး  ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲကာ ရှာဖွေနေကြပေမယ့် အခုထိတော့ မမိသေးပါဘူးလို့ ပြည်မြို့ အမှတ် ၁ ရဲစခန်းက သိရပါတယ်။ သတင်း- မင်းညို
2 years Ago

April 20, 2019

ကချင်ပြည်နယ်တွင် အန်အယ်လ်ဒီပါတီ၊ အစိုးရနှင့် လွှတ်တော် တွေ့ဆုံပွဲပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ City Park Royal Restaurant မှာ ကချင်ပြည်နယ် အန်အယ်လ်ဒီပါတီ၊ အစိုးရနဲ့ လွှတ်တော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီ အနိင်ရရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးHလအောင်က ပြောပါတယ်။ “ပထမတချက်က ဥပဒေနဲ့ စည်းမျဉ်းကမ်းတွေကို မပျက်ကွက်ဖို့ပါ။ ဒုတိယတချက်က နိုင်ငံတော် ငွေ၊ ပစ္စည်း နစ်နာဆုံးရှုံးအောင် မလုပ်ဖို့ ဒီနှစ်ချက် အင်မတန်အရေးကြီးပါတယ်။ ပါတီမှာလည်း ဒီနှစ်ချက်ကို လိုက်နာပြီးမှ အဲဒီအတိုင်း ကျင့်ကြံပြီး ပြည်သူတွေကို မှားရင်လည်း မှားတယ်၊ ပွင့်လင်းမြင်သာစွာနဲ့ ပြောနိုင်ရမယ်။ ပါတီရဲ့ အထက်နဲ့ အောက်ခြေကလည်း ဒါတွေကို ပြောင်းလဲပေးနိုင်မယ်ဆိုရင် ပြည်သူတွေကလည်း နားလည်ပြီးသားပါ။ ၂၀၂၀ ဟာ ကျနော်တို့ လက်ထဲမှာပါ။” ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေအပေါ်မူတည်ပြီး ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေကြားက အားနည်းချက်တွေကို ၀ိုင်းဝန်းအဖြေရှာပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆွေးနွေးပွဲ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2 years Ago
More News
Up