အဓမ္မပြုကျင့်

May 13, 2019

ဘင်္ဂလားဒေ့ရှ်တွင် သူနာပြု ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျောင်းသူတယောက်ကို မီးရှို့သတ်မှုအပြီး သီတင်းပတ်တွေ အတွင်းမှာပဲ သူနာပြုတယောက် ထပ်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသမီးတွေကို ပိုပြီးကာကွယ်ဖို့ ထပ်ပြီး ဆော်သြခဲ့ကြပါတယ်။ မြို့တော်ဒါကာက ဆေးရုံတရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်နေတဲ့ အသက် ၂၄ နှစ်အရွယ် ရှာဟီနူးရ်အခ်တာ တာနီယာဟာ ခီရှိုရေဂံမြို့က သူ့အိမ်ဆီ မေလ ၆ ရက်က ပြန်ချိန်မှာ ဘတ်စ်ကားပေါ်မှာ အဓမ္မပြုကျင့်ခံရအပြီး ကားပေါ်ကနေ တွန်းချခံခဲ့ရတယ်လို့ ဆေးဘက်အစီရင်ခံစာတွေက ပြောပါတယ်။ "ရာဇဝတ်သားတွေကို ခြွင်းချက်မရှိ ပြစ်ဒဏ်ပေးဖို့ ကျမတို့ တောင်းဆိုနေတယ်၊ သူတို့ကို ကြိုးပေးသတ်ဖို့ တောင်းဆိုတယ်" လို့ အကြီးတန်းသူနာပြု ခါလေဒါ အခ်တာက ဆေးရုံအပြင်ဘက်က ဆန္ဒပြပွဲအတွင်း လူထုကို ပြောခဲ့ပါတယ်။ မနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီး အယောက် ၉၅၀ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် မာဟီလာ ပါရစ်ရှ်ဟဒ် အဖွဲ့က လုပ်တဲ့ စစ်တမ်းက ဆိုပါတယ်။
2 years Ago

April 19, 2019

ဗြိတိန် ကမ္ဘာလှည့်ခရီးသည် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ထိုင်းလှေသမားအား ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ခေါ့ဖီဖီကျွန်းမှာ ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ လှေသမားတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ တရားခံအမျိုးသားရဲ့ နာမည်ကိုတော့ ထုတ်ဖော်မပြောဘဲ သူ့ကို ကရာဘိ ကမ်းရိုးတန်း ကျွန်းတကျွန်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲဌာန ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ခရစ္စနာ ဖတ်ထနာချာရိုဝမ်က ပြောပါတယ်။ ရဲတွေက သူ့ကို စီစီတီဗွီကင်မရာ မှတ်တမ်းနဲ့ တခြားသက်သေတွေနဲ့အတူ ခြေရာခံ ဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ အမည်ဖော်ပြမထားတဲ့ အသက် ၂၁ နှစ်အရွယ် ဗြိတိန်မိန်းကလေးဟာ ဧပြီ ၁၅ ရက်နေ့က လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲ့ရတယ်လို့ ရဲတွေကို တိုင်ကြားခဲ့တာပါ။ အခင်းဖြစ်ချိန်က သူမဟာ ဟိုတယ်စားသောက်ဆိုင်အပြင်မှာ အရက်မူးပြီး အိပ်ပျော်နေခဲ့တာမို့ တရားခံကို မမှတ်မိကြောင်း ထွက်ဆိုခဲ့တယ်လို့ ခရစ္စနာက ပြောပါတယ်။ သူဟာ ထိုင်းနိုင်ငံကို တကိုယ်တော် ခရီးထွက်လာခဲ့သူတဦးဖြစ်ကာ ဧပြီ ၁၄ ရက်နေ့ ညပိုင်းမှာတော့ အိုင်းရစ်ခ်ျအမျိုးသားတဦးနဲ့အတူ အပြင်ထွက်ပြီး အရက်သောက်ခဲ့ကြတာပါ။ အဲဒီနောက် ည ၁ နာရီလောက် ဘားပိတ်သွားချိန်မှာ တည်းခိုရာ ဟိုတယ်အခန်းဆီ ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမဟာ နောက်ဟိုတယ်တခုရဲ့ ကမ်းစပ် စားသောက်ဆိုင်ပြင်ပမှာ အိပ်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေကို တိုင်ကြားခဲ့ပြီးနောက် သူ့ကို ဆေးစစ်မှုတွေ လုပ်ခဲ့ကြပြီးနောက် မကြာခင်မှာပဲ ခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
More News
Up