အဓမ္မမှု

June 2, 2019

အဓမ္မကျင့်မှုစွပ်စွဲချက်ကို တိုက်စစ်မှူးနေမာ ပြန်လည်ဖြေရှင်း

အင်စတာဂရမ်မှာတွေ့တဲ့ အမျိုးသမီးတယောက်အား အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဘရာဇီးတိုက်စစ်မှူးနေမာက ငြင်းဆိုခဲ့ပြီး ခြိမ်းခြောက်ငွေညှစ်တာလို့ ပြန်လည်တုံ့ပြန် ခဲ့ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာရှိနေချိန် ပဲရစ်မြို့က ဟိုတယ်တခုမှာ အမျိုးသမီးတဦးကို အဓမ္မကျင့်ခဲ့တယ်လို့ ဆာအိုပေါ်လိုမြို့တရားရုံးမှာ တိုင်ကြားထားတဲ့ စာရွက်စာတမ်းတွေကို မြင်တွေ့ခဲ့ရကြောင်း ရိုက်တာနဲ့ အေအက်ဖ်ပီသတင်းဌာနတို့က ထုတ်ပြန်ထားပါတယ်။ နေမာဟာ အင်စတာဂရမ်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးတဦးအား ပဲရစ်မြို့ကို ခေါ်ကာ ဟိုတယ်တခုမှာ အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ နေမာဟာ အမျိုးသမီးနဲ့တွေ့ခဲ့တဲ့အချိန်မှာ ကြမ်းတမ်းလာခဲ့ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်ကာ အမျိုးသမီးရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး လိင်ပိုင်းဆိုင်ရာထိတွေ့မှု လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့စာရွက်စာတမ်းတွေမှာ ပါဝင်ပါတယ်။ ဒီလို စွပ်စွဲမှုတွေရှိလာချိန်မှာ နေမာက ခုနစ်မိနစ်ကြာ ဗွီဒီယိုဖိုင်ကို ဇွန်လ ၂ ရက်နေ့က အင်စတာဂရမ်ပေါ်တင်ခဲ့ပြီး သူ့အပေါ် စွပ်စွဲမှုသက်သက်ဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော့်အကြောင်း သိတဲ့လူတွေက ကျနော် ဒီလိုမလုပ်ဘူးဆိုတာ သိပါတယ်” လို့ နေမာက ဗွီဒီယိုဖိုင်မှာ ပြောဆိုခဲ့ပါတယ်။ နေမာထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်မှာ သူနဲ့  သူ့အပေါ်စွပ်စွဲထားတဲ့ အမျိုးသမီးတို့ WhatsApp မှာ နောက်ပိုင်း ရင်းရင်းနှီးနှီး စကားပြောဆိုထားတဲ့ ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီစာတွေကိုမြင်ပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်လို့လဲ နေမာက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်လို့ နေမာရဲ့စီမံခန့်ခွဲမှုအဖွဲ့ကလဲ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အပြစ်မရှိကြောင်းနဲ့ သူဟာ ခြိမ်းခြောက်ငွေညှစ်မှုရဲ့ သားကောင် သက်သက်သာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ နေမာကိုစွပ်စွဲထားတဲ့ အမျိုးသမီးကတော့ ဒီဖြစ်ရပ်ဟာပဲရစ်မှာဖြစ်ပွားခဲ့ပေမယ့် ကြောက်ရွံ့ထိတ်လန့်နေခဲ့တာကြောင့် အမှုကိုဘရာဇီးမှာဖွင့်ခဲ့တာလို့ ဖွင့်ဟပြောဆို ထားပါတယ်။ နေမာကိုစွပ်စွဲထားမှုဟာ အခုချိန်မှာဟိုးလေးတကျော်ကျော် ကိစ္စရပ်တခုဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းကရော သူတို့နှစ်ဦးသွားရောက်ခဲ့တဲ့ ဟိုတယ်ဘက်ကပါ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစုံတရာထုတ်ပြန် ပြောဆိုတာမျိုးမရှိသေးပါဘူး။ လက်ရှိအချိန်မှာတော့ တိုက်စစ်မှူးနေမာဟာ ဘရာဇီးမြေမှာ လက်ရွေးစင်အသင်းနဲ့ အတူ ကိုပါအမေရိက ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
2 years Ago

January 25, 2019

တိုက်ကြီးတွင် အသက် ၇ အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်ရန်ကြံစည်သူကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ တမိုင်ဝန်ထမ်းကွက်သစ်အိမ်ရာမှာ အသက် ၇ နှစ် အရွယ် ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ အမျိုးသားတဦးကို တိုက်ကြီးမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်အရေးယူထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်က မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့ ကျော်စိုးဝင်း (ခ) ရွှေပု ဆိုသူတို့ နေအိမ်မှာအတူရှိနေပြီး ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သမီးငယ်ကိုခေါ်ကာ အပြင်ထွက်သွားချိန်မှာ ကျော်စိုးဝင်က ၇ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်နေစဉ် အစ်ကိုဖြစ်သူရောက်လာပြီး ညီမဖြစ်သူကို အတင်းဆွဲခေါ် ထွက်ပြေးခဲ့တာပါ။ ကလေးငယ်ရဲ့မိခင်က အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် တိုက်ကြီးမြို့မရဲစခန်းက ကျော်စိုးဝင်း(ခ)ရွှေပုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မေသွယ်
2 years Ago
Up