အထက်လွှတ်တော်

February 14, 2020

သမ္မတထရမ့်၏ အီရန်အပေါ် စစ်မက်ပြုနိုင်မှုအား ကန့်သတ်သည့်ဥပဒေကြမ်း အထက်လွှတ်တော်ထောက်ခံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် စစ်မက်ပြုနိုင်စွမ်းကို  ကန့်သတ်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထောက်ခံလိုက်ပါတယ်။  အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ သမ္မတ ထရမ့် အမိန့်ပေးခဲ့ပြီး အီရန်လက်တုံ့ပြန်ချက်ကြောင့် ဒေသတွင်း ပိုမိုကြိးမားတဲ့ ပဋိပက္ခဖြစ်မယ့် စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် အထက်လွှတ်တော်က သမ္မတ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။  သမ္မတ ထရမ့်ရဲ့ စစ်မက်ပြုနိုင်စွမ်းကို ကန့်သတ်တဲ့ ဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဘလီကန် အမတ် ၈ ဦးက ဒီမိုကရက်တွေနဲ့ ပူးပေါင်းခဲ့ပြီး ၅၅ မဲ- ၄၅ မဲနဲ့ ထောက်ခံခဲ့ပါတယ်။  ဒီဥပဒေကြမ်းအရ ကွန်ဂရက်က  စစ်ရေးသုံးဖို့ ခွင့်မပြုမချင်း  သမ္မတ ထရမ့်အနေနဲ့ အီရန်နဲ့ စစ်ပွဲမှာ ပါဝင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ရမှာ ဖြစ်ပါတယ်။  ဒီဥပဒေကြမ်းကို ထရမ့်က ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ပြောထားပြီး ဗီတိုကို ပယ်ဖျက်ဖို့ရာ လုံလောက်တဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ရမယ် မထင်ရပါဘူး။  အကြောင်းကတော့ အထက်လွှတ်တော် အမတ်နေရာ ၁၀၀ မှာ ရီပတ်ဘလီကန်တွေက ၅၃ နေရာရထားပြီး သမ္မတအပေါ် ဆန့်ကျင်မဲပေးတာမျိုးက ရှားရှားပါးပါးပါ။ ဒါ့အပြင် ဒီဥပဒေကြမ်းကို ဆန့်ကျင်သူတွေက ဥပေဒကြမ်းဟာ အီရန်နိုင်ငံကို တလွဲအဓိပ္ပာယ် ကောက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 
1 year Ago

February 6, 2020

ကြွေးမြီ ပြန်စီမံဖွဲ့စည်းရေးဥပဒေ အာဂျင်တီးနားအထက်လွှတ်တော် အတည်ပြု

အာဂျင်တီးနား ကြွေးမြီပြန်စီမံဖွဲ့စည်းရေးဥပဒေကြမ်းကို အထက်လွှတ်တော်က ဖေဖော်ဝါရီ ၅ ရက်မှာ တညီတညွတ်တည်း အတည်ပြုခဲ့ပါတယ်။  အဲဒီဥပဒေကြမ်းက သမ္မတ ဖာနန်ဒက်ဇ်အစိုးရကို နိုင်ငံခြားငွေကြေးနဲ့ ထုတ်ပေးတဲ့ ကြွေးမြီ ပြန်စီမံဖွဲ့စည်းရေး ငွေချေးစာချုပ်တွေ ကိုင်တွယ်ခွင့်ပေးအပ်ပါတယ်။   ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားဟာ မြှီရှင်အဖွဲ့အစည်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံလောက် ရှိပါတယ်။ မြီရှင်အဖွဲ့အစည်းတွေမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ပါဝင်ပြီ  IMF ဟာ အာဂျင်တီးနားကို အမေရိကန် ဒေါ်လာ ၅၇ ဘီလီယံလောက် ငွေကြေးထောက်ပံ့ထားပါတယ်။ သမ္မတသစ် အယ်ဘတ်တို ဖာနန်ဒက်ဇ်က  အာဂျင်တီးနားဟာ စီးပွားရေး တိုးတက်လာတဲ့ အထိ ကြွေးမြီတွေကို ကြိုးစားပေးဆပ်သွားရမယ်လို့ ပြောခဲ့ပါတယ်။  ဒီသီတင်းပတ်အတွင်း IMF အကြီးအကဲနဲ့ အာဂျင်တီးနား စီးပွားရေးဝန်ကြီးတို့ ဆွေးနွေး ကြပြီးနောက် အထက်လွှတ်တော်က ကြွေးမြီပြန်စီမံဖွဲ့စည်းရေး ဥပဒေကြမ်းကို အတည်ပြု လိုက်တာပါ။  ဗာတီကန်မှာလုပ်တဲ့ စီးပွားရေးပညာရှင်များကွန်ဖရင့်မှာ ဝန်ကြီးက နိုင်ငံအား စီးပွားရေး ပိုမိုကျဆင်းစေတဲ့ ကြွေးမြီကို အာဂျင်တီးနားအနေနဲ့ ဆက်ပြီး ကြွေးဆပ်နိုင်တဲ့အခြေအနေမှာ မရှိဘူးလို့ ပြောခဲ့ပါတယ်။  အဲဒါနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၁၂ ရက်မှာ IMF မစ်ရှင်က အာဂျင်တီးနားကို  လာရောက်ပြီး ဆက်လက်ဆွေးနွေးမယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
Up