အစ္စရေးဝန်ကြီးချုပ်

July 9, 2019

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ရန် အစ္စရေးဝန်ကြီးချုပ် တိုက်တွန်း

ဥရောပအနေနဲ့ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ ချမှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင် ၈ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံက ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ကျော်လွန်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့ ပြင်ဆင်ထားတယ်လို့ ကြေညာခဲ့ပြီးနောက် နေတန်ယာဟုက အခုလို ပြောလိုက်တာပါ။ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ ပြုလုပ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်နဲ့အတူ ဥရောပက ပူးပေါင်းဖို့လိုတယ်လို့ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံတခုမှာ နေတန်ယာဟုက ပြောခဲ့ပါတယ်။ အီရန်အစိုးရကတော့ သူတို့အနေနဲ့ နျူကလီးယားလက်နက် တီထွင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ အီရန် သဘောတူညီချက်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုဒဏ်တွေကနေ အကာအကွယ် မပေးနိုင်ဘူးဆိုရင်တော့ ရက်ပေါင်း ၆၀ တိုင်းမှာ အီရန်အနေနဲ့ သူတို့ရဲ့ ကတိကဝတ်တွေကို တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ အီရန် အကြီးတန်းအရာရှိတွေက ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ အီရန်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်က အဲဒီသဘောတူညီချက်နေ နုတ်ထွက်ပြီး အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
2 years Ago

May 28, 2019

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး အားထုတ်ကြိုးပမ်း

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးပွဲတွေ မတိုးသာမဆုတ်သာ ဖြစ်နေတဲ့ အနေအထားကို ကျော်လွှားနိုင်ရေး နောက်ဆုံး အားထုတ် ကြိုးပမ်းနေတယ်လို့ မေလ ၂၆ ရက်က ပြောပါတယ်။ အစ္စရေး အခြေခံဥပဒေအရ ရွေးကောက်ခံပါတီတွေ အစိုးရဖွဲ့ရမယ့် နောက်ဆုံး သတ်မှတ်ရက်ဟာ မေလ ၂၉ ရက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတည်းက အာဏာရခဲ့တဲ့ နေတန်ယာဟုဟာ ငါးကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် အစိုးရဖွဲ့ရာမှာ သဘောတူညီချက်ရရေး မထင်မှတ်ထားလောက်အောင် ရုန်းကန်နေရတယ်လို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ အကွဲအပြဲဖြစ်နေတဲ့ လက်ယာစွန်း အမျိုးသားရေးပါတီ ၂ ပါတီကြား သဘောထားကွဲလွဲမှုကြောင့် ညွန့်ပေါင်းဆွေးနွေးပွဲတွေ ရပ်တန့်နေတာပါ။ အစွန်းရောက် အော့သိုဒေါ့ခ်စ် ကျမ်းစာသင်ကျောင်းက စာသင်သား အမျိုးသားတွေဟာ ကျန်တဲ့ အစ္စရေးနိုင်ငံသား ဂျူးလူမျိုးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေရမယ်၊ ခြွင်းချက်မပေးနိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဟောင်း လစ်ဘာမန်းက ပြောထားတာပါ။ အစွန်းရောက် အော့သိုဒေါ့ခ်စ် ပါတီတွေကတော့ အစ္စရေးနိုင်ငံ စတည်ထောင်တဲ့ ၁၉၄၈ ခုနှစ်တည်းက ရနေကျအခွင့်အရေးဖြစ်တဲ့အတိုင်း ကျမ်းစာသင်ကျောင်းသားတွေဟာ ဥပဒေအရ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့် ရသင့်တယ်လို့ ပြောပါတယ်။ တကယ်လို့ ရွေးကောက်ပွဲမဲရလဒ် ကြေညာအပြီး ၄၂ ရက်အတွင်း အစိုးရမဖွဲ့နိုင်ခဲ့ရင် သမ္မတက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအကြံယူပြီး လုပ်ငန်းစဉ်ကို တခြား လွှတ်တော်အမတ်ကို တာဝန်ပေးနိုင်ပါတယ်။
2 years Ago
More News
Up