အစ္စရေးတပ်ဖွဲ့ဝင်များ၏

March 4, 2018

အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁ ဦး သေဆုံး

အစ္စရေးနဲ့ ဂါဇာကမ်းမြှောင် နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် ပါလက်စတိုင်း ၁ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက မတ် ၃ ရက်နေ့မှာ ပြောပါတယ်။ အဲဒီ ပါလက်စတိုင်းဟာ တားမြစ်နေရာကို ချဥ်းကပ်လာပြီး အစ္စရေး တပ်ဖွဲ့ဝင်တွေက သတိပေးပစ်ခတ်နေတဲ့ကြားထဲက ရပ်တန့်မသွားတဲ့အတွက် အခုလိုဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးစစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဂါဇာကျန်းမာရေး ၀န်ကြီးဌာနကတော့ အဲဒီပါလက်စတိုင်းဟာ သူ့ယာထဲမှာ အလုပ်လုပ်နေတဲ့ ယာသမားတဦးဖြစ်ပြီး သေနတ်ပစ်ခံရပြီးနောက် ခန်းယွန်းနစ်ရှိ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ် ထိန်းချုပ်နယ်မြေအတွင်းရှိ ပါလက်စတိုင်းတွေကို အစ္စရေး နယ်စပ်အနီး ၀င်မလာစေဖို့ ကန့်သတ်တားမြစ်ထားပါတယ်။ အဲဒီနေရာမှာ မကြာခဏဆိုသလို အကြမ်းဖက်မှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago

February 4, 2018

အစ္စရေးတပ်ဖွဲ့ဝင်များ၏ စီးနင်းမှုအတွင်း ပါလက်စတိုင်းလူငယ်တဦး သေဆုံး

အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်းမှာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က စီးနင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်တဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ပါလက်စတိုင်းလူငယ်မှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး  ဦးခေါင်းသေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဇန်န၀ါရီ ၉ ရက်နေ့က ရဟူဒီ ဘာသာရေးဆရာတဦကို ကားပေါ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သံသယရှိသူတွေကို ဘာကင်ရွာမှာ ရှာဖွေစီးနင်းတာလို့ အစ္စရေးစစ်ဘက်က ဆိုပါတယ်။ အစ္စရေး စစ်တပ်က အဆိုပါ လူငယ်ဟာ စစ်ဘက်ယာဉ်ပေါ် တွယ်တက်ခဲ့ပြီး တံခါးကို ဖွင့်ခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သေနတ်ပစ်ခတ်သံကြားပြီးနောက် ပါလက်စတိုင်း ၂၀၀ လောက်ဟာ အစ္စရေး စစ်ဘက်ယာဉ်တွေကို ခဲတွေနဲ့ ၀ိုင်းဝန်းပစ်ပေါက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လကလည်း အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရဟူဒီဘာသာရေးဆရာ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ပါလက်စတိုင်း သေနတ်သမားကို ပစ်သတ်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up