အစ္စရေးဝန်ကြီးချုပ်

December 20, 2020

အစ္စရေးဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၉ ရက်က စတင် ထိုးနှံပေးနေပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပထမဆုံး ကာကွယ်ဆေး အထိုးခံသူ ဖြစ်လာခဲ့ပါတယ်။ ဖိုက်ဇာကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ အစ္စရေးကို အရင်အပတ်က စရောက်လာခဲ့တာပါ။ မိုဒါနာနဲ့ အဲ့စ်ထရာဇေနေကာ ကုမ္ပဏီတွေက ထုတ်တဲ့ ကာကွယ်ဆေးတွေကိုလည်း မှာယူထားပြီးပါပြီ။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နိုင်ချေ အများဆုံး ပြည်သူ ၂၀ ရာခိုင်နှုန်းကို ဒီနှစ်ကုန်မှာ အပြီးကာကွယ် ဆေးထိုးပေးဖို့ လုံလောက်တဲ့ ထိုးဆေးတွေ ရရှိရေး အစ္စရေးက မျှော်လင့်ထား ပါတယ်။  ကျန်းမာရေးဝန်ကြီး၊ ညွှန်ချုပ်နဲ့ ရှီဘာ ဆေးဘက်ဌာန ညွှန်ချုပ်တို့နဲ့အတူ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေလည်း ကာကွယ်ဆေးထိုးခံခဲ့ကြပါတယ်။  လူဦးရေ ၉ သန်း ရှိတဲ့ အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ ၃ သိန်း ၇ သောင်း ၂ ထောင်ကျော် ရှိပြီး ကူးစက်ခံ သေဆုံးသူ ၃၀၇၀ ရှိနေပါတယ်။  ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ ကန့်သတ်တာ ၂ ကြိမ် လုပ်ခဲ့ရပြီး ဝန်ကြီးချုပ်ဟာ လည်း ကူးစက်ခံတွေနဲ့ ထိတွေ့အပြီး ရောဂါခြေချုပ်နဲ့ ၃ ကြိမ် နေခဲ့ရပါတယ်။
6 months Ago

September 21, 2020

အစ္စရေးဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ပြည်သူထောင်ချီ ဆန္ဒပြ

ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နုတ်ထွက်ပေးဖို့ အစ္စရေးနိုင်ငံသား ထောင်ချီ ဂျေရုဆလင်မြို့မှာ စက်တင်ဘာ ၂၀ က ဆန္ဒပြခဲ့ကြပါတယ်။ အဂတိလိုက်စားမှု စွဲချက်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံတွေကို မကျေနပ်တဲ့ လူအုပ်ကြီးဟာ ဝန်ကြီးချုပ် အိမ်တော်အပြင်မှာ ဝီစီတွေမှုတ်၊ ဆိုင်းဘုတ်တွေ အလံတွေကို ဝှေ့ယမ်းရင်း ရာထူးက နုတ်ထွက်ဖို့ ချီတက်တောင်းဆိုခဲ့ကြပါတယ်။ ဒုတိယမြောက် ပြည်လုံးကျွတ် သီတင်းပတ် ၃ ပတ်ကြာ အသွားအလာ ပိတ်ဆို့ကန့်သတ် လော့ဒေါင်းချခဲ့အပြီး အစ္စရေးနိုင်ငံ မြို့တွေက အကြီးစားလမ်းဆုံတွေ၊ တံတားတွေတလျှောက်မှာ ပိုသေးတဲ့ ဆန္ဒပြပွဲတွေကို ဆင်နွှဲနေကြတာပါ။ စည်းမျဉ်းအသစ်တွေအရ ပြည်သူတွေဟာ အလုပ်ရှိရာနေရာကို သွားတာကလွဲလို့ အိမ်ကနေ မီတာ ၁,၀၀၀ ပတ်လည်မှာ နေရမှာဖြစ်ပြီး ဆန္ဒပြပွဲတွေကိုလည်း ကန့်သတ်ချက်နဲ့သာ လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ကပ်ဘေးကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်လို့ ဗြောင်ကျကျ စကားများခဲ့တဲ့ ဝန်ကြီးတွေနဲ့ နေတန်ယာဟုတို့ဟာ ကူးစက်မှုအသစ်တွေ တိုးလာတာကို တုံ့ပြန်ဖို့ နှေးကွေးနေခဲ့တယ်လို့ အစ္စရေး ပြည်သူအများအပြားက စွပ်စွဲထားပါတယ်။
9 months Ago
More News
Up