အစိုးရတပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ်

July 5, 2015

နမ္မတူမြို့ အစိုးရတပ်စခန်း တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့အ၀င်က အစိုးရတပ်စခန်းတခုကို ဇူလိုင် ၅ ရက်မနက် ၁ နာရီခွဲလောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တခုက ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ နမ္မတူမြို့ အခြေစိုက်တပ်မတော် ခြေမြန်တပ်ရင်း ၃၂၄ ကို မနက် ၁ နာရီခွဲလောက်ကစပြီး တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းဘက်က ၂ ယောက် သေတယ်လို့ ဒေသခံက ပြောပါတယ်။ “ဒီမနက် ၂ နာရီ မထိုးခင်မှာ ၃၂၄ မှာ သေနတ်သံ ပေါက်ကွဲသံကြားရပါတယ်။ ဖြစ်တဲ့အချိန်ကတော့ ၁ နာရီကျော် ကြာတာပေါ့ဗျာ။ ၃နာရီ ထိုးတဲ့အချိန်မှာ သေနတ်သံရော ဗုံးသံရော တိတ်သွားတယ်။ ကျနော်တို့ အခု ပြန်ကြားတာတော့ တပ်ဘက်က ၂ ယောက်သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။” အစိုးရတပ်ရင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နမ္မတူမြို့မရဲစခန်း စခန်းမှူးက အတည်ပြုပြောကြားပေမယ့် လူသေဆုံးမှုနဲ့ ပတ်သက်လို့တော့ အတည်ပြုပြောကြားခြင်း မရှိပါဘူး။ နမ္မတူမြို့အနီးတ၀ိုက်မှာ အစိုးရတပ်နဲ့ တအာင်းပလောင်တပ်တို့ တိုက်ပွဲဖြစ်ပွားတာမျိုး မကြာခဏ ကြားရပေမယ့် အခုလို တပ်ရင်းကို ၀င်တိုက်ခိုက်တာမျိုးကတော့ အခုမှ ဖြစ်ပွားတာပါ။ မြို့အနီးတ၀ိုက်မှာ တအာင်းပလောင်တပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့နဲ့ ကေအိုင်အေ ကချင်တပ်ဖွဲ့တို့ လှုပ်ရှားသွားလာလေ့ရှိပြီး အခု တိုက်ခိုက်မှုဟာ တအာင်းပလောင်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောနေကြပေမယ့် ဒီဗွီဘီက သီးခြားဆက်သွယ်အတည်ပြုလို့ မရသေးပါဘူး။ နမ္မတူမြို့မှာတော့ မြို့ခံတွေ အသွားအလာအနေအထိုင်မပျက် လှုပ်ရှားသွားလာနေကြပြီး တိုက်ခိုက်ခံရတဲ့ ခြေမြန်တပ်ရင်းဟာ မြို့နဲ့ ၁ မိုင်လောက် ဝေးတယ်လို့ ဆိုပါတယ်။
6 years Ago

May 3, 2015

ရခိုင်ပြည်နယ် ကျေးရွာအချို့တွင် လူထောင်နှင့်ချီ မြို့တက်မရသဖြင့် စားဝတ်နေရေးအခက်ကြုံ

ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ ပလက်ဝကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မြို့တက်မရဘဲ စားဝတ်နေရေးအခက်တွေ့နေလို့ ကူညီထောက်ပံ့ရေးကော်မတီဖွဲ့ပြီး ကူညီဖို့ ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။ ကျောက်တော်နဲ့ ပလက်ဝမြို့ကြား ကျေးရွာတွေဖြစ်တဲ့ စပါးဆိပ်၊ ပီချောင်း၊ မြောင်ကြီး၊ မပြန်၊ တော်ပစီ စတဲ့ ရွာတွေမှာနေတဲ့ ဒေသခံ ရခိုင်၊ မြိုနဲ့ခမီ စတဲ့ တိုင်းရင်းသား ၁၀၀၀ ကျော် စားဝတ်နေရေးအခက်တွေ့နေကြတာကြောင့် ကူညီဖို့ ကော်မတီဖွဲ့လုပ်ဆောင်နေတာလို့ ရခိုင်စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ (ရန်ကုန်) ဒုဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောပါတယ်။ “ရွာ ၆ ရွာလောက် အဆက်အသွယ်ပြတ်နေကြတယ်။ ကျောက်တော်မြို့ကနေ သွားတဲ့ ရေလမ်းခရီးကို ပိတ်ထားလို့ ရွာကလူတွေ ရိက္ခာပြတ်နေကြတာပေါ့။ မြို့က ဆန်ဝယ်မှ စားရတဲ့သူတွေ မြို့ကိုသွားပြီး ဆန်ဝယ်လို့ မရဘူး။ မော်တော်ဘုတ်တွေ လှေတွေ အသွားအလာတွေ အကုန်ပိတ်ထားတယ်။ စစ်တပ်က ပိတ်ထားတာပေါ့။” ရခိုင်စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ(ရန်ကုန်)ကို မေလ ၂ ရက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကော်မတီက ငွေကြေးအလှူခံ ထောက်ပံ့လှူဒါန်းမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ရခိုင်တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ကျောက်တော်မြို့၊ စပါးဆိပ်ကျေးရွာမှာ ရာနဲ့ချီ ရှိနေပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်း ရခိုင်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေ ရှိနေကာ မင်းပြားမြို့နယ်ထဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် လူ ၃ ဦး ဖမ်းခံထားရပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်က ဖမ်းထားတဲ့သူတွေကို ဥပဒေအရ လုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုထားတယ်လို့ ဆိုပါတယ်။ “လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နဲ့ ငစရိုင်းချောင်းကျွန်းက ကျောင်းဆရာတယောက်၊နောက်မြို့ပေါ် စီဒီအခွေအငှားဆိုင်က လူငယ်တယောက်တို့ကို ဒစက ၉ တပ်က ဖမ်းထားတာ ဆယ်ရက်လောက် ရှိပြီ။ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှုးကို ကျနော်က ဥပဒေနဲ့အညီလုပ်ဖို့ပြောတော့ သူက စစ်တပ်က ဖမ်းထားတာ သူလည်း မတတ်နိုင်ဘူးလို့ ပြောတယ်။” အလားတူ ကျောက်တော်မြို့နယ်ထဲမှာလည်း ရခိုင်တပ်မတော်နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး ဒေသခံ ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရနဲ့ ကမ္ဘာ့စားနပ်ရိကာအဖွဲ့တို့က တာဝန်ရှိသူတွေဟာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်နေတဲ့ စပါးဆိပ်ကျေးရွာကို သွားရောက်ပြီး ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ(ရန်ကုန်)ကို ဆက်သွယ်လှူဒါန်းလိုကြရင် ဒေါက်တာစံလှကျော် (ဖုန်း- 09 51 890 17) ၊ ဦးဖေသိန်း(ဖုန်း-09 510 70 64) ၊ ကိုရွှေဝင်း(ဖုန်း- 09 50 50 200) တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်။ စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ -ရခိုင်ပြည်အွန်လိုင်းသတင်း ဖေ့စ်ဘွတ်ခ်) [gallery ids="91526,91527"]
6 years Ago
Up