အဂတိအမှု

September 17, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် အဂတိအမှုများ အောက်တိုဘာ ၁ ရက် စတင် စစ်ဆေးမည်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၄  မှုကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်စစ်ဆေးဖို့ စက်တင်ဘာ ၁၇ ရက် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို နေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးတစ်ယောက် ပါဝင်ခဲ့ပါတယ်။

ဒီအမှုကို အောက်တိုဘာ ၁ ရက်နေ့ သောကြာနေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး တစ်ပတ်ခြားတစ်ခါ သောကြာနေ့တိုင်း ရုံးချိန်းခေါ်သွားမှာဖြစ်ပါတယ်။

မန္တလေးတိုင်းတရားလွှတ်တော်မှာ အမှုစွဲထားတာဖြစ်ပေမယ့် နေပြည်တော် ဇမ္ဗူသီရိ ခြံအမှတ် ၁ အထူးတရားရုံးမှာပဲ အမှုတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။  အဂတိအမှုတွေမှာ နေပြည်တော် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမင်းသူလည်း ပါဝင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာကြောင့် ဦးမင်းသူအတွက် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်သွင်းဖို့လည်းရှိနေပါတယ်။

ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိအမှုကိုလည်း နေပြည်တော်မှာပဲ စစ်ဆေးဖို့ဖြစ်လာနိုင်ပြီး အကျိုးအကြောင်းအတိအကျကိုတော့မသိရသေးဘူးလို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၅ ခုအတွက် ရှေ့နေတွေကို ပါဝါလွှဲစာမှာ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဒီကနေ့မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးမှာ တရားရုံးကလက်ခံရယူခဲ့ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီးဖမ်းဆီးထားပြီး အစပိုင်းမှာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ နဲ့ ပို့ကုန်သွင်းကုန် ဥပဒေတွေအပါအဝင်  ပုဒ်မ ၆ ခုနဲ့  တရားစွဲခဲ့တာပါ။

ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှု စုစု ပေါင်း ၁၁ မှုအထိရှိနေပါတယ်။ 

3 months Ago

December 4, 2019

ဒေါ်လဲ့လဲမော်အား တရားစွဲဆိုထားသည့် အဂတိအမှု စွဲချက်တင်သင့်၊ မသင့် ကြားနာတော့မည်

အဂတိလိုက်စားမှုဥပဒေနဲ့ တရားစွဲခံရတဲ့ တနင်္သာရီတိုင်း၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးအမှု ဒီဇင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ၂ ဦး စစ်ဆေးပြီးနောက် စွဲချက်တင်သင့်၊ မသင့် ကြားနာမယ်လို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောပါတယ်။ အဆိုပါရုံးချိန်းမှာ ရာဇ၀တ်ကြီးအမှုအမှတ်(၂/၂၀၁၉) တရားလိုပြသက်သေများဖြစ်ကြတဲ့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ ဒုတိယညွှန်ချုပ်(အငြိမ်းစား) ဦးကောင်းစံဦးနဲ့ ထား၀ယ်လေဆိပ်တာ၀န်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်တို့ကို စစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။ “အမှု ၄ မှုစလုံးက တရားလိုပြသက်သေတွေကို စစ်ဆေးပြီးရင်တော့ စွဲချက်တင်သင့်၊ မသင့် လျှောက်လဲချက် ကြားနာမှာ ဖြစ်ပါတယ်” လို့ ဒေါ်အေးအေးသန်းက ပြောပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့အထိ စစ်ဆေးပြီး တရားလိုပြသက်သေဦးရေ ၉၄ ဦးထဲမှာ ၃ ဦးတို့ကို ပယ်ပြီး အမှုမှ အထက်ပါတရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးဖို့ ကျန်တော့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ အမှုစစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်၀င်းကို စစ်ဆေးခဲ့ပါတယ်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီမှ တာ၀န်ရှိသူ ၃ ဦးဖြစ်တဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅၊ ပုဒ်မ ၅၅/၆၆ တို့နဲ့ တရားစွဲထားတာလည်း ဖြစ်ပါတယ်။ ထား၀ယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းတဲ့ လုပ်ငန်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀၀၀ သုံးစွဲတဲ့ကိစ္စ။ ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်မရှိဘဲ လမ်းဦးစီးဌာနကို တလုံးတခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးတာနဲ့ ဦးမြင့်ဟိုအမည်နဲ့ ၀ယ်ယူထားတဲ့ ထား၀ယ်မြို့၊ ဆေးရုံလမ်းနဲ့ ဂေါ်သဇင်လမ်းထောင့် ရှိအိမ်အမှတ် (၁၀၆၈) နဲ့ (၁၀၇၀) မြေ ကွက်နှစ်ကွက်ကို အုတ်ခြံစည်းရိုးကာရံခိုင်းတဲ့ ကိစ္စ။ ၀န်ကြီးချုပ် မိသားစုပိုင် သရက်ချောင်းက အိမ်အမှတ်-၆၊ နှစ်ထပ်နေအိမ်နဲ့ မြေကို ကာလတန်ဖိုးကျပ် ၃၂၀ သိန်း ကျော်ခန့်သာ တန်ဖိုးရှိပေမယ့် ကျပ်သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တာနဲ့ လုပ်ပိုင်ခွင့်တွေပေးတဲ့ကိစ္စ၊ သဘာ၀ဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို GGS ကုမ္ပဏီဘက်က ပေးချေဖို့ ပျက်ကွက်တဲ့ကိစ္စ စတဲ့ အမှုတွဲ ၄ မှုနဲ့ တရားစွဲဆိုထားတာပါ။ တင့်လွင်
2 years Ago
Up