အဂတိလိုက်စားမှု

July 12, 2019

တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုဖြင့် ထပ်မံအရေးယူ  

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံအမှုဖွင့်လှစ်အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က  ဇူလိုင် ၁၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ဝန်ဆောင်ခနဲ့ တရားမဝင်တဲ့ တခြားအကျိုးခံစားခွင့်တွေရယူနေတယ်လို့ တိုင်ကြားချက်ရ ကော်မရှင်က စုံစမ်းစစ်ဆေးပြီး  ဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နဲ့ တွံတေးမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်တာပါ။  ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ  ဦးမိုးခိုင်ထွန်းဟာ အရက်လိုင်စင်လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ယစ်မျိုးလိုင်စင်ရရှိသူတွေထံက  ငွေကျပ် ၅သိန်း၊ ခေါင်ရည်လိုင်စင်အတွက် ငွေကျပ် ၁သိန်းခွဲ၊ သင်္ကြန်အတွက် ငွေကျပ် ၂ သိန်းတို့ကို လက်ခံရယူခဲ့တာ စစ်ဆေးစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်းဆိုပါတယ်။ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းဟာ ပြီးခဲ့တဲ့ ဇွန် ၂၁  ရက်ကလည်း ခလောက်ချိုက်ကျေးရွာအုပ်စုမှာ လယ်မြေ ဧက ၂၀ ကျော် မြေပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ ပတ်သက်ပြီး ငွေကျပ် သိန်း ၁၂၀  လာဘ်စားခဲ့တယ်ဆိုပြီး အမှုဖွင့် အရေးယူခံထားရပါတယ်။ အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးသန့်ဇင်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တောင်စွန်း ရဲစခန်းမှာ ဇူလိုင်လ ၁၀ ရက်က အမှုဖွင့်အရေး ယူထားပါတယ်။ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေတွေကို  လယ်သမား ၇ ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀၀၀၀ဝနဲ့ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူခံရတာပါ။  ဒါ့အပြင် အုပ်ချုပ်ရေးမှူး  ဦးသန့်ဇင်ဟာ ၂၀၁၈ ခုနှစ် မိုးရာသီမှာ ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်က တဧကလျှင် ငွေကျပ် ၈၅၀ဝနှုန်းနဲ့ ထောက်ပံ့ ကူညီငွေတွေ ထဲက တဧကကို ကျပ် ၁၀၀ဝ နှုန်းနဲ့ လယ်သမား ၁၃ ဦးထံက စုစုပေါင်း ငွေကျပ် ၁၄၅၀၀ဝ တောင်းခဲ့တယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2 years Ago

June 15, 2019

ဥတ္တရခရိုင် ဒုရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲ ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ဖမ်းဆီးထားသူကို နှိပ်စက်ပြီး ငွေတောင်းခံခဲ့တဲ့ နေပြည်တော် ဥတ္တရခရိုင် ဒုရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်လိုက်ပါတယ်။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ရန်ဖြစ်တာမှာပါလို့ဆိုပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရသူဟာ ဂိမ်းဆိုင်ကနေ ဖမ်းခံရတာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ငွေတောင်းခံရတာတွေကြောင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၃ နယ်မြေ ရဲစခန်းက တပ်ဖွဲ့ဝင်တွေကို စိစစ်အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ လက်ရှိ နေပြည်တော် ဥတ္တရခရိုင် ဒု ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်ဟာ အဲဒီတုန်းက ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်ပြီး အမှုကိစ္စ အဆင်ပြေစေဖို့အတွက် ဖမ်းဆီးခံထားရသူရဲ့ အဖေဆီကနေ ငွေ ၂ သိန်းကျပ် ရယူခဲ့တယ်ဆိုတာ ပေါ်ပေါ်ခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ပြီးတော့ လက်ရှိ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့က ရဲအုပ်ကျော်သူဟာ အဲဒီတုန်းက  စခန်းမှူး ဖြစ်ပြီး အမှုသက်သာစေဖို့ ငွေ ၂ သိန်း၊ အိုးဘိုထောင်ကို မပို့စေဖို့အတွက် ငွေ ၂ သိန်း တောင်းခံခဲ့သလို အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက ဖမ်းဆီးခံထားရသူ နှိပ်စက် မခံရစေဖို့အတွက် ငွေ ၁ သိန်းခွဲ၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဆိုင်ကယ်ပြန်ရဖို့အတွက် ငွေ ၂ သိန်းခွဲ ရယူခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် သူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်းမှာ ဇွန် ၁၄ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ မဖော်ပြထားတာကြောင့် လက်ရှိမှာ သူတို့အခြေအနေကို မသိရဘဲ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရပြီး ထွက်ပြေးနေသူ အယောက် ၂၀ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
2 years Ago
More News
Up