အခြေခံပညာစာသင်ကျောင်း

August 26, 2020

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်းအားလုံး ယာယီပိတ်မည် 

ရန်ကုန်တိုင်းအတွင်းက အခြေခံပညာစာသင်ကျောင်းတွေ အားလုံးကို မနက်ဖြန်ကစပြီး ယာယီပိတ်ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ ရန်ကုန်ရှိ အခြေခံပညာ အထက်တန်းကျောင်း ၄၀၈ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကို မနက်ဖြန် သြဂုတ် ၂၇ ရက်ကစပြီး ပိတ်ထားမယ်လို့ ဦးနိုင်ငံလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ကြေညာထားတာပါ။ ရခိုင်ပြည်နယ် စစ်တွေမှာ ကိုဗစ်-၁၉ လူနာအများအပြားကို ဆက်တိုက်တွေ့ပြီးနောက်ပိုင်း အတည်ပြုလူနာတွေထဲမှာ ပြည်ပခရီးသွားရာဇဝင်မရှိသူတွေ ပါနေတာကြောင့် ပြည်တွင်းကူးစက်မှုလို့ ကနဦးသုံးသပ်ထားကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကဆိုပြီး ရခိုင်ပြည်နယ်ထဲက ကျောင်းတွေအားလုံးကို ပြန်ပိတ်ခိုင်းခဲ့ပါတယ်။ ကယားပြည်နယ်မှာလည်း ဖွင့်လှစ်ထားတဲ့ အခြေခံပညာ စာသင်ကျောင်းတွေအားလုံးကို မနက်ဖြန် ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားဖို့  သက်ဆိုင်ရာက  ညွှန်ကြားထားပါတယ်။  
9 months Ago

May 15, 2020

အခြေခံပညာစာသင်ကျောင်းများ ဇူလိုင်လအတွင်း စဖွင့်မည်  

၂၀၂၀-၂၁ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းတွေကို လာမယ့် ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဒီဗွီဘီကို  ပြောပါတယ်။ အရင်ပညာသင်နှစ်တွေက အခြေခံပညာစာသင်ကျောင်းတွေမှာ မေလစတုတ္ထအပတ်မှာ ကျောင်းအပ်လက်ခံရပြီး ဇွန် ၁ ရက်နေ့မှာ  ကျောင်းတွေ စတင်ဖွင့်လှစ်တာပါ။ ဒီပညာသင်နှစ်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁‌၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် အခြေခံပညာစသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့ပညာသင်နှစ်က စာမေးပွဲအောင်စာရင်းတွေ ထုတ်ပြန်ဖို့ နောက်ကျနေသလို ကျောင်းတွေဖွင့်လှစ်မယ့်အချိန်လည်း ပုံမှန်ထက်နောက်ကျနိုင်တယ်လို့ ပြောပါတယ်။ လတ်တလော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာတော့ တနိုင်ငံလုံးရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းသင်အခြေခံပညာကျောင်း ၆,၀၀၀ ကျော်ကို Community Based Facility Quarantine စင်တာတွေအနေနဲ့ ဖွင့်လှစ်ထားတာတွေရှိနေပါတယ်။ ဒါကြောင် ဇူလိုင်လအတွင်းမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်နို်ငဖို့အတွက် အဲဒီနေရာတွေမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့အညီ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပြန်လည်ခေလျှာ်ဖွတ်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းတွေ၊ FaceShield တွေ ဖြန့်ဝေပေးသွားမှာဖြစ်သလို ကျောင်းအားလုံးမှာ အပူချိန်တိုင်း ကိရိယာတွေထားပေးသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ဒါ့အပြင် ကျောင်းဖွင့်ချိန်မှာ ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေ လိုက်နာရမယ့်စည်းကမ်းချက်တွေ အသေးစိတ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ အခြေခံပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမင်းမင်းထွဋ်ကတော့ လက်ရှိရောဂါဖြစ်ပွားနေတဲ့ အခြေအနေဟာ ကျောင်းတွေကို ဖွင့်လှစ်သင့်တဲ့ အနေအထားတခု မဟုတ်သေးပေမယ့် အမှန်တကယ်ဖွင့်လှစ်မယ်ဆိုရင်လည်း စာသင်ကျောင်းတွေရဲ့ မြေပြင်အခြေအနေကို လေ့လာဖို့ အကြံပြုပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း ၄၈၀၀၀ ကျော်ရှိပြီး  ကျောင်းသား၊ ကျောင်းသူ ၉ သန်းကျော်ရှိပါတယ်။
12 months Ago
Up