အခြေခံပညာကျောင်း

January 17, 2022

မင်းတပ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်သည့် ကျောင်းများ၌ ကလေး ၆၀၀၀ ကျော် တက်ရောက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကျောင်းနေအရွယ်ကလေးတွေအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးစီး ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ  တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ  ကျောင်းသားပေါင်း  ၆၀၀၀ ကျော်နေပြီဖြစ်ပါတယ်။

ကျေးရွာပေါင်း ၁၃၆ ရွာမှာရှိတဲ့ ကျောင်းနေအရွယ်ကလေး စုစုပေါင်း ၆၂၈၂ ယောက်ကို မင်းတပ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းတွေက သင်ကြားပေးနေပြီး သင်ကြားရေးစတင်လာတာ ၃ လလောက်ရှိပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စေတနာ့ဝန်ထမ်းတွေ လုံလောက်စွာရရှိရေးအတွက်လည်း ပညာရေးဘုတ်အဖွဲ့က ဆရာအတတ်သင်သင်တန်းပေးနေပြီး  စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ စုစုပေါင်း ၈၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က စနစ်သစ် သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ သင်္ချာ၊ အင်္ဂလိပ် အဲဒီလိုတွေ အဓိကထား သင်ပေးနေပါတယ်။ ဒါတွေအပြင် ဂီတအနုပညာတွေ၊ သီချင်းတွေလည်း ထည့်သွင်းသင်ကြားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတဦးက “ဒီလိုလေးတွေလုပ်တာ ကောင်းပါတယ်။ ဒီအချိန်မှာ ပညာသင်ခွင့်မရတဲ့ ကလေးတွေအတွက်လည်း ဝမ်းနည်းမိတယ်။ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းမှာ ကလေးတွေကို သွားတက်ခိုင်းတဲ့ မိဘတွေကတော့ ကိုယ့်ကလေးရဲ့ လုံခြုံရေးကို တကယ်ဂရုမစိုက်တာလို့ပဲ မြင်တယ်” လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ဝန်းမှာ အစိုးရစာသင်ကျောင်းတွေ ဖွင့်လှစ်နေပြီး တက်ရောက်သူ ကလေးသူငယ်တွေလည်းရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာနကလည်း အခုလက်ရှိမှာတော့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အရေးပေါ်အခြေအနေမှာ အကောင်အထည်ဖော်ဆောင်တဲ့ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်ကို ပြည်တွင်း ပြည်ပ ပညာရှင်တွေနဲ့ပူးပေါင်း စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။

3 days Ago

December 1, 2021

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ၁၅ မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း များနေတာကြောင့် ကျောင်းတွေပိတ်ထားခဲ့တဲ့  မြို့နယ်တွေထဲက ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက  ၁၅ မြို့နယ်မှာ  ဒီဇင်ဘာ ၁ ရက်  ဒီကနေ့ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်လိုက်ပါတယ်။

ကိုဗစ်ကူးစက်နှုန်းဟာ သတ်မှတ်ရာခိုင်နှုန်းအောက်ကို ရောက်လာတာကြောင့် ပြန်ဖွင့်တာလို့ စစ်ကောင်စီအာဘော် သတင်းစာတွေက ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်က ဂွမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံး၊ ရပ်စောက်၊ ပင်လောင်း၊ လဲချားနဲ့ နမ့်စန်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ သိန္နီနဲ့ ကွမ်းလုံမြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းက ကျိုင်းတုံနဲ့ မိုင်းယောင်းမြို့နယ်တို့မှာ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေကိုပါ ပြန်ဖွင့်လိုက်တာပါ။

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတဲ့ ကျောင်းတွေကို စစ်ကောင်စီအာဏာသိမ်းပြီးမကြာခင် ဇွန်လမှာ ပြန်ဖွင့်ခဲ့ပြီး ကိုဗစ်ကူးစက်တာများလာတာကြောင့် ချက်ချင်းပြန်ပိတ်ခဲ့ရပါတယ်။ အဲဒီနောက်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်‌နေ့မှာတော့ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ် လွဲပြီး တနိုင်ငံလုံးက ကျောင်းတွေကို ပြန်ဖွင့်ခဲ့တာပါ။

စစ်ကောင်စီဟာ တက္ကသိုလ်၊ ကောလိပ်တွေက သင်တန်းတွေကိုလည်း လာမယ့်  ဇန်နဝါရီမှာ ပြန်ဖွင့်ဖို့ စီစဉ်နေပြီး ကျောင်းမတက်ကြဖို့ ကျောင်းသားသမဂ္ဂတွေနဲ့ တော်လှန်ရေးသပိတ် ဆင်နွှဲနေသူတွေက တောင်းဆိုထားပါတယ်။

အခုလို ကျောင်းတွေပြန်ဖွင့်တာဟာလည်း နိုင်ငံရေးအခြေအနေတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ ပြသဖို့နဲ့ ပြည်သူတွေရဲ့ ခုခံစစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် လူသားဒိုင်းဖန်တီးတာလို့လည်း ဝေဖန်နေကြပါတယ်။

2 months Ago
More News
Up