ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့မှာ စစ်တပ်က ဦးဆောင်ကာ အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက်စစ်တပ်ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့သလို ကျောက်ဖြူမြို့နဲ့ တောင်ကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ဒီနေ့ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ် ငပလီမြို့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲမှာ စစ်တပ်ကဦးဆောင်ပြီး စစ်သားမိသားစုဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေစုပေါင်းကာ လူပေါင်း ၁၀၀ ဝန်းကျင်က ထောက်ခံပွဲပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့မှာလည်း စစ်တပ်က ဦးဆောင်ကာ စစ်သားတွေနဲ့ စစ်သားမိသားစုဝင်တွေ ပါဝင်တဲ့ လူပေါင်း ၁၀၀ ဝန်းကျင်က ထောက်ခံပွဲတစ်ခုကို ဒီကနေ့မှာပြုလုပ်ခဲ့ကြသလို တောင်ကုတ်မြို့မှာလည်း လူပေါင်း ၇၀ နဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ဟစ်တိုင်ကွင်းထဲမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်တပ် ထောက်ခံပွဲကို လူတချို့နဲ့ ပြုလုပ်သွားပါတယ်။
ပုသိမ်မြို့မှာ အောက်တိုဘာ ၁၅ ရက်ကတည်းက လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီတပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး တပ်ထောက်ခံပွဲကို စီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မျက်မြင်တွေ့သူ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လူအင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတဲ့ လူအုပ်ကြီးဟာ ကားတွေနဲ့ ဟစ်တိုင်ကွင်းကို ရောက်လာပြီး စစ်တပ်ကို ထောက်ခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
တပ်ထောက်ခံပွဲပြုလုပ်ဖို့ ရောက်လာသူတွေဟာ ဒေသခံတွေ မဟုတ်သလို ကိုဗစ် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။