အကြမ်းဖက်စစ်တပ်

May 5, 2021

ရွှေဘိုမြို့နယ် ဆင်အင်းရွာရှိ နေအိမ် ၁၁ လုံးကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးပြီး ပစ္စည်းများ ယူသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းတိုက်နယ်ကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲပြီး လူနေအိမ် ၁၁ လုံးကို  ဖျက်ဆီးကာ ပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်ကို ဝင်ရှာပြီး လူမရှိတာကြောင့် အိမ်ကိုဖျက်ဆီးကာ ရှိတဲ့ပစ္စည်းယူသွားကြတာလို့ အိမ်ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ ဧပြီ ၂၇ ရက်နေ့ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို အကြောင်းပြပြီး ဒီကနေ့အထိ တပ်စွဲထားတာဖြစ်ပါတယ်။

ရွာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ တပ်စွဲထားတာကြောင့်လည်း ရွာနေပြည်သူ တော်တော်များများ ဘေးလွတ်ရာကို ရှောင်ပြေးနေကြရပါတယ်။

ဆင်အင်းကျေးရွာဟာ အိမ်ခြေ ၁၅၀၀ ပတ်ဝန်းကျင်ရှိတဲ့ တိုက်နယ်အဆင့် ကျေးရွာတစ်ခုဖြစ်ပြီး  ရွာသားအများစုက စစ်အာဏာရှင်စနစ်ကို အလိုမရှိကြဘူးလို့ သိရပါတယ်။

2 days Ago

ကနီမြို့နယ်ထဲက ကျေးရွာအချို့တွင် အကြမ်းဖက်စစ်တပ်များဝင်လာသဖြင့် ရွာသားများထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်တပ်က တပ်စွဲ ဝင်ရောက်ခြောက်လှန့်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သမင်ခြံရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ခဲ့သလို စားသောက်စရာတွေလည်းယူသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"မနေ့ကဆိုလည်း ကျနော်တို့ရွာကို မနက် ၉ နာရီကစရောက်တယ်။ ညနေ ၅ နာရီမှာပြန်တယ်ဗျ။ သေနတ်လည်း ၅ ချက်ထက်မနည်းဖောက်လှန့်ပါတယ်ဗျ။ ကျနော်တို့ရွာဆို ရွာသူ ရွာသားတော်တော်များများတောတွေမှာ ပြေးရှောင်နေရပါတယ်" လို့ ပြောပါတယ်။

သူတို့ရွာရဲ့မြောက်ဘက် ၁ မိုင်ကျော်ကရွာမှာ  တတပ်၊ ကနီမြို့ပေါ်မှာ တတပ်နဲ့ ကလေးဝလမ်းခွဲမှာ တတပ်၊ စုစုပေါင်း ၃ နေရာမှာ အကြမ်းဖက်စစ်တပ်က တပ်စွဲထားတာပါ။

“အရင်နှစ်ခေါက် ရွာထဲမဝင်ဘူးဗျ။ မနေ့ကမှ စဝင်တာ။ အရင်၂ခေါက်လာတုန်းကတော့ ကျနော်တို့လည်း မပြေးဘူးဗျ။ လူကြီးတွေလောက်ပဲ ပြေးတာဗျ။ မနေ့က သေနတ်ဖောက်တော့ တော်တော်များများ ပြေးကြတယ်ဗျ။ စစ်သားတွေက ကြက်တွေဖမ်းပြီး သတ်စားတယ်ဗျ။ အရက်ဆိုင်က အရက်တွေ ယူတယ်ဗျ။ ဆိုင်ထဲက ပိုက်ဆံတချို့လည်း ယူတယ်ဗျ။ ကျနော်တို့ရွာကို လာတဲ့ အင်အားကတော့ ၂၀ လောက်ပဲရှိတာဗျ” လို့ ဒေသခံက ပြောပါတယ်။

အရင်အကြိမ်တွေတုန်းကတော့ စစ်သားတွေဟာ ဈေးဆိုင်တွေကနေ ဝယ်စားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

တပ်စွဲထားတဲ့ရွာမှာလည်း ရွာသားတွေ တိမ်းရှောင်နေကြရလို့ လူမရှိသလောက်ဖြစ်နေ တယ်လို့ သိရပါတယ်။

2 days Ago

May 4, 2021

ခင်ဦးမြို့နယ် ပင်တင်းရွာ၌ စစ်တပ်က နေအိမ် ၃ လုံးကို ဖျက်ဆီးပြီး ရွာသား ၁ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပင်တင်းကျေးရွာကို မေ ၃ ရက်နေ့ ည ၁၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး နေအိမ် ၃  လုံးကို ဝင်ရောက်ဖျက်ဆီးပြီး  ပြည်သူ ၁  ဦးကို ဖမ်းဆီးသွားပါတယ်။

ကျေးရွာမှာရှိတဲ့ သတင်းပေး ဒလန်အိမ် ၃ အိမ်နဲ့ စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းနေတဲ့ ဆရာမတစ်ယောက်ရဲ့ အိမ်ကို ရွာသူရွာသားတွေက ဝိုင်းတာကြောင့် အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ လာရောက်ခဲ့တာပါ။

“စစ်ကောင်စီက လူတွေရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာ အချက် ၆၀ လောက်ရှိတယ်။ နောက်ပြီး ရပ်ကျေး NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အိမ်တွေကို ဝင်ပြီး ဖျက်ဆီးတာတွေ လုပ်သွားကြတယ်။ ကျနော်တို့  ရွာက ရွာသားတစ်ယောက်လည်း ဖမ်းဆီးခံလိုက်ရတယ်” လို့ ကျေးရွာဒေသခံတစ်ဦး က ပြောပါတယ်။

ဖမ်းခံလိုက်ရသူမှာ အသက် ၂၇ နှစ်အရွယ် ကိုနေမျိုးအောင် ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရွာက ပြန်အထွက်မှာ ရွာလုံခြုံရေးတံခါးနဲ့ ကင်းတဲကို ဖျက်ဆီးပြီး မီးရှို့သွားပါတယ်။

2 days Ago

အကြမ်းဖက်စစ်အုပ်စုကို ယောဒေသနေပြည်သူများက ရရာလက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေ

မကွေးတိုင်းနဲ့ ချင်းပြည်နယ်စပ်ရှိ ယောဒေသ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်ထဲမှာ မေလ ၄ ရက်နေ့က စစ်ကောင်စီအကြမ်းဖက်တပ်တွေကို ဒေသခံတွေက ရရာလက်နက်စွဲကိုင်ကာ ပြန်လည်ခုခံတိုက်ခိုက်နေကြပါတယ်။

စစ်အုပ်စုက ပြည်သူတွေအပေါ်  ဖိနှိပ်အကြမ်းဖက်မှုတွေ တစ်ရက်ထက် တစ်ရက် ဆိုးဝါးလာနေတာကြောင့် မခံနိုင်တော့တဲ့အတွက် အခုလို ရရာလက်နက်စွဲကိုင် တော်လှန်တာ ဖြစ်တယ်လို့ ဒေသခံတချို့က ဒီဗွီဘီကို ပြောပါတယ်။

ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦး ကျဆုံးထားသလို ပြည်သူတွေဘက်ကလည်း ကျဆုံးသူတချို့ ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေသလို  ပြည်သူတွေဘက်ကိုလည်း အနီးအနားမြို့တွေက လာရောက်ဝိုင်းဝန်းနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ  သာကောင်းကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်ပွားနေကာ ထိခိုက်ကျဆုံးမှု အသေးစိတ်တော့ မသိရသေးပါဘူး။ 

ဒီတိုက်ပွဲတွေကို စစ်ကောင်စီက စစ်အင်အားဖြည့်တဲ့အနေနဲ့ ကလေးမြို့ကနေ စစ်ကားကြီး ၇ စီးနဲ့ လာရောက်နေကြောင်းလည်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က‌လည်း ယောနယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟားခါးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ CDF(Hakha)တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်က ၄ ဦးသေဆုံးတယ်လို့ CDF က သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ကလေး-ဂန့်ဂေါကားလမ်းပေါ်က ဆည်တောရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိခိုက်ကျဆုံးမှုအခြေအနေကို  စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တူမီးကိုင်ဆောင်သူတွေ ကလေး-ဂန့်ဂေါလမ်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားကာ ပြည်သူတချို့ ကျဆုံးခဲ့ပါသေးတယ်။

ဂန့်ဂေါ-ကလေးလမ်းမှာ မကြာခဏဆိုသလို စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ပြည်သူတွေ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

2 days Ago

မိုးကုတ်မြို့ ၌ ရပ်မိရပ်ဖ ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊  ကျောက်ပြသာဒ်ရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ဦးကျော်သိန်းကို မေလ ၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။

ဦး​ကျော်သိန်းဟာ အကြမ်းဖက်စစ်အုပ်စုက စီစဉ်တဲ့ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖတွေ့ဆုံပွဲကို တက်ရောက်ထားသူဖြစ်ပြီး ဘာကြောင့်ဖမ်းသွားလဲဆိုတာတော့ မသိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်ပြီး ပြည်သူတွေကလည်း ရတဲ့နေရာမှာရသလို ပြောက်ကျားစနစ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းက သဲတောင်ပေါ်ကုန်းရပ်ကွက်က ဘုရားမှာလည်း အကြမ်းဖက်စစ်တပ်တွေက တပ်စွဲထားပါတယ်။

2 days Ago

နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး ပြည်သူ ၁၉ ဦး ကို ဖမ်းဆီး

မန္တလေးတိုင်း၊  နွားထိုးကြီးမြို့နယ်ရှိ ဆူးဖြူကုန်းရွာမှာ မေလ ၃ ရက် နေ့လယ် ၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့်  ရွာသား ၁၉ ဦး ဖမ်းခံရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေအပြင် မသက်ဆိုင်သူတွေပါ ပါဝင်ပြီး  ဆူးဖြူကုန်းရွာ အနီးက နဘူးတော၊ ရုန်းရင်းတော၊ ဖောင်ချည်း စတဲ့ရွာတွေက လူတွေပါ ဖမ်းဆီးခံရတယ်လို့ ဆူးဖြူကုန်းကျေးရွာသား တစ်ဦးကပြောပါတယ်။

“ဖမ်းထားတဲ့သူတွေကို ၅၀၅ (က) နဲ့အမှုဖွင့်တယ်ကြားတယ်။ သတင်းပေး ဒလန်က စာရင်းပေးထားတာ ၃၆ ယောက်လို့ သိရတယ်။ တခြားကျန်နေတဲ့သူတွေပါ ဖမ်းဖို့ လုပ်နေတာ။ ရွာကတော့ စစ်မြေပြင်ပုံစံဖြစ်နေပြီး ရွာကလူတွေ တောထဲပြေးကုန်တယ်။” လို့ ဆိုပါတယ်။

ရွာစာသင်ကျောင်းမှာ မေ ၃ ရက်က  ဖက်ဆစ်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့ဝင် ၄ ယောက် ရောက်လာတဲ့အခါ ဒေသခံတွေက ရွာအတွင်း ပေးမဝင်ခဲ့ပဲ တားဆီးရာကနေ သတင်းပေးကြောင့် စစ်တပ်အင်အား ၄၀ လောက်ရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီလို ပစ်ခတ်တာတွေကြောင့် ရွာသူ ရွာသား ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နီးစပ်ရာ တောတွေထဲ ဝင်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုကြပါတယ်။ ဆူးဖြူကုန်းရွာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အမြဲလုပ်နေတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

3 days Ago

နမ့်စန်မြို့နယ်၌ အကြမ်းဖက်စစ်တပ်က ရွာသားများအား လူသားဒိုင်းအဖြစ် အသုံးပြုနေ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ထဲမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး RCSS/SSA ရှမ်းပြည်တပ်မတော်ကို တိုက်ခိုက်ရာမှာ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရလခလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်ကျိုင်း၊ နားယိုင်း၊ အက်စ်သုံးလုံးနဲ့ ကာလိအခြေစိုက် ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး ဧပြီ ၂၂ နဲ့ ၂၃ နေ့ရက်တွေမှာ RCSS/SSA ရှမ်းပြည်တပ်မတော်နဲ့ နားခန်၊ ကောင်ယောင်း၊ လွယ်ငင်း၊ ဖာဆွန့်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

အဆိုပါတိုက်ပွဲစစ်ဆင်ရေးကာလ တနေရာက တနေရာကို သွားရာမှာ ရွာသားတွေကို အရှေ့က လျှောက်စေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ အိမ်ထဲ ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေ ယူငင်ခြင်းတွေ လုပ်ခဲ့တယ်လို့  ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ 

ဧပြီလကုန်ပိုင်းမှာ ဖာဆွန့်ရွာသား ၇ ယောက်ကို ထရပ်ကား ၂ စီးနဲ့ ရွာအရှေ့ဘက်သို့ အဓမ္မ ရေသယ်ခိုင်းတာ၊ ဖာဆွန့်ရွာသား ၆ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ဖာဆွန့်ရွာသား ၆ ယောက်ကို စစ်ကြောင်းရှေ့ကနေ ၅ ကီလိုမီတာလောက် လမ်းလျှောက်ခိုင်းခဲ့တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဏာသိမ်းစစ်တပ်က ကျူးလွန်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဖာဆွန့်ရွာရှိ နေအိမ် ၆ လုံးကို ဝင်ရောက်မွှေနှောက်ကာ အိမ်မွေးကြက် အကောင် ၂၀ လောက်နဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချက်စရာ၊ ဒယ်အိုး၊ ရေပုံးတွေ ယူငင်သွားတာ၊ ၇ မိုင်ကျေးရွာက ရွာသား ၂ ယောက်ကို စစ်ကြောင်းရှေ့ကနေ ၁၀ ကီလိုမီတာ လမ်းပြလျှောက်ခိုင်းခဲ့တယ်လို့လည်း  ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ်ရှိ RCSS/SSA ရဲ့ စစ်စခန်းတွေကို ဧပြီ ၁၈ ၊ ၁၉ နဲ့ ၂၁ နေ့ရက်တွေမှာ ပစ်ခတ်ခဲ့တာကြောင့် နယ်စပ်ရှိ ဒုက္ခသည် ၆၀၀၀ လောက်က  တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို ကြောက်လန့်နေကြတယ်လို့  ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

3 days Ago

မိုးကုတ်မြို့တွင် အမျိုးသမီး ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မေလ ၄ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်က အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးကို သူ့ရဲ့နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားပါတယ်။

ဘာကြောင့်ခေါ်သွားတယ်ဆိုတာကို မသိရဘဲ၊ မေးမြန်းစရာရှိလို့ဆိုပြီး ရဲနဲ့ စပ်တပ် အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကား ၂ စီးနဲ့ လာခေါ်သွားတာလို့ သူနဲ့ နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက  ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေ၊ သပိတ်ခေါင်းဆောင်တွေ၊ CDM ဝန်ထမ်းတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေပြီး နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်တာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။

3 days Ago
More News
Up