အကျဉ်းထောင်အတွင်း အမျိုးသမီးချင်း လက်ထပ်ခွင့်ရရန် တောင်းဆို

November 13, 2017

အကျဉ်းထောင်အတွင်း အမျိုးသမီးချင်း လက်ထပ်ခွင့်ရရန် တောင်းဆို

အသက် ၁၆ နှစ်အရွယ် ဘက်ကီဝက်တ်ဆိုတဲ့ မိန်းကလေးကို ၂၀၁၅ ခုနှစ်မှာ သတ်ဖြတ်ခဲ့လို့ လက်ရှိအကျဉ်းကျနေသူ ရှိုနာဟောက သူမရဲ့ချစ်သူအမျိုးသမီးနဲ့ အကျဉ်းထောင်အတွင်း လက်ထပ်ချင်တယ်လို့ ပြောပါတယ်။ အင်္ဂလန်နိုင်ငံ ဆာရီကောင်တီက ဘရွန့်ဇ်ဖီးလ်ဒ် အမျိုးသမီးအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ရှိုနာဟောက မီးရှို့မှုကျူးလွန်ပြီး အကျဉ်းကျခဲ့တဲ့ သူမရဲ့ချစ်သူဖြစ်သူ ဘာနီချန့်စ်နဲ့ ထောင်တွင်းဓမ္မာရုံမှာ တွေ့ပြီး ချစ်သူဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလိုလက်ထပ်မယ့်အစီအစဉ်ကို ရှိုနာဟောနဲ့ အိတ်ခ်ျအမ်ပီ ဘရွန့်ဇ်ဖီးလ်ဒ် အကျဉ်းထောင်ထဲမှာ အတူနေခဲ့ဖူးတဲ့ အသက် ၅၀ အရွယ် ဂျဲနက်အက်ကင်စ်က နိုဝင်ဘာ ၁၁ ရက်ညမှာ ထုတ်ဖော်ပြောကြားလိုက်တာပါ။ ဂျဲနက်က “ထောင်ဓမ္မာရုံမှာ တွေ့ပြီး အဲဒီမှာ သူတို့ ၂ ယောက် အမြဲအတူတူရှိတယ်။ ပြီးတော့ ဒီဇင်ဘာလမှာ သူတို့ ၂ ယောက် ချစ်သူဖြစ်တယ်။ သူတို့ ၂ ယောက် လက်ထပ်ချင်တာ လူတိုင်းသိတယ်။ ဒီနှစ်ထဲမှာ သူတို့က လက်ထပ်ချင်တာ၊ ဘာနီက ချစ်စရာကောင်းတဲ့ အမျိုးသမီးပါ။ သူက ရှိုနာကို အတော်လေး ကြည့်ရှုစောင့်ရှောက်ပါတယ်။ အစောပိုင်းကတည်းက သူတို့ ၂ ယောက် ချစ်သူဖြစ်တော့မယ်ဆိုတာ ကျမသိတယ်” လို့ ပြောပါတယ်။ ဒီလို လက်ထပ်ဖို့ တောင်းဆိုမှုကို ထောင်အာဏာပိုင်တွေက ငြင်းဆန်ဖို့ ဘက်ကီရဲ့ မိသားစုဝင်တွေက ဆန္ဒရှိတယ်လို့ သိရပါတယ်။ ရှိုနာဟောနဲ့ သူမရဲ့ ချစ်သူဟောင်း နသန်မက်သရူးတို့ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဘရစ်စ်တယ်လ်မြို့က ဘက်ကီရဲ့ မိသားစုအိမ်အတွင်း သူမကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ပြန်ပေးဆွဲရာကနေ ဘက်ကီ အသက်ရှူမွန်းကျပ် သေဆုံးခဲ့တာပါ။ အဲဒီနောက် ဘက်ကီရဲ့အလောင်းကို သူတို့ ၂ ဦးက အိမ်ထဲပြန်ခိုးသွင်းခဲ့ပြီး အပိုင်းပိုင်းခုတ်ထစ်ကာ အိမ်ရဲ့ ပစ္စည်းပစ္စယတွေထားတဲ့ ရုံထဲမှာ ဝှက်ထားခဲ့ကြတာပါ။ အဲဒီလူသတ်မှုအတွက် ရှိုနာဟောကို ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပြီး သူမရဲ့ချစ်သူ နသန်မက်သရူးကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။ အခု ရှိုနာဟော လက်ထပ်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကတော့ ဘာမှ မှတ်ချက်မပေးဘူးလို့ သည်ဆန်းသတင်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up