ဟီလာရီကလင်တန်

October 26, 2017

ပါတီအကျိုးထက် နိုင်ငံအကျိုး ဦးစားပေးရန် ဟီလာရီကလင်တန် တောင်းဆို

ရီပတ်ဘလစ်ကန်ပါတီအတွင်း တင်းမာမှုတွေ ရှိနေချိန်မှာ ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်ခဲ့ဖူးသူ ဟီလာရီကလင်တန်က ပါတီအကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂ ဦး ဖြစ်ကြတဲ့ ဂျက်ဖ်လိတ်နဲ့ ဘော့ဘ် ကော့ကာတို့ ၂ ဦးက သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် နိုင်ငံရေးကို သိက္ခာကျဆင်းအောင် လုပ်နေတယ်ဆိုပြီး စွပ်စွဲ ပြောကြားခဲ့ပါတယ်။ “အိမ်ဖြူတော်ဟာ ဖိအားတွေ ကြုံနေရတယ်။ ကွန်ဂရက်က ရီပတ်ဘလစ်ကန် အမတ်တွေလည်း ဖိအားတွေ ကြုံနေရတယ်။ ဘော့ဘ် ကော့ကာနဲ့ ဂျက်ဖ်လိတ် နှစ်ဦးစလုံးက သည်းမခံနိုင်တော့ဘူးလို့ ပြောကြတယ်။ ပါတီအကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးတဲ့လူတွေ များလာရင် နှေးကွေးပေမယ့် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ အမှန်တကယ် ထွက်ပေါ်လာမှာပါ” လို့ ဟီလာရီ ကလင်တန်က ပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူမက “အမျိုးသမီးတွေက တခြားလူတွေကို ပံ့ပိုးပေးတဲ့ အခါမျိုးမှာ လူတွေက သဘောကျကြတယ်။ ဒါပေမယ့် အမျိုးသမီးတွေကိုယ်တိုင် ရှေ့ထွက်တဲ့အခါမျိုးကျတော့ လူတွေက မကြိုက်ကြတော့ဘူး။ အဲဒါ ကျမအတွက် တကယ်မှန်တယ်။ ဘာလို့လဲဆိုတော့ ကျမဟာ တလျှောက်လုံး သူများကို ပံ့ပိုးပေးခဲ့ရတယ်။ ဒါပေမယ့် အမျိုးသမီးတယောက်ဟာ ရှေ့ထွက်ပြီး ကျမ ဦးဆောင်ချင်တယ်လို့ ပြောတဲ့အခါကျတော့ အာလုံးဟာ ပြောင်းလဲကုန်တယ်” ဆိုပြီးလည်း အမျိုသမီးတဦး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ပြောသွားခဲ့ပါတယ်။ အမေရိကန်ကွန်ဂရက်မှာ အထက်လွှတ်တော်အမတ် ဂျက်ဖ်လိတ်က “အမေရိကန် နိုင်ငံရေးဟာ အိမ်ဖြူတော်ရဲ့ ထင်ရာစိုင်းပြီး သိက္ခာမဲ့တဲ့ အပြုအမူနဲ့ အသားကျလာပြီ” လို့ ဒေါသတကြီး  ပြောကြားခဲ့ပါတယ်။
4 years Ago

October 19, 2017

မြောက်ကိုရီးယားကို စစ်ရေးခြိမ်းခြောက်မှု အန္တရာယ်ကြီးဟု ဟီလာရီကလင်တန် ပြော

မြောက်ကိုရီးယားကို စစ်ရေးနဲ့ ခြိမ်းခြောက်နေတာဟာ အန္တရာယ်ကြီးသလို အမြော်အမြင်နည်းရာကျတယ်လို့ ဟီလာရီကလင်တန်က အောက်တိုဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့ World Knowledge Forum ကမ္ဘာ့အသိပညာဖိုရမ်မှာ ဟီလာရီကလင်လန်က အခုလို ပြောကြားသွားတာပါ။ “လူသန်းပေါင်းများစွာရဲ့ ကံကြမ္မာတွေ၊ မြောက်ကိုရီးယားအကျပ်အတည်းမှာ သံတမန်ရေး ဆုံးဖြတ်ချက်အပေါ် တည်မှီနေတဲ့ ဒီလူတွေရဲ့ ကံကြမ္မာနဲ့အတူ အခုလို မထီမဲ့မြင် စစ်ရေးနဲ့ ခြိမ်းခြောက်နေတာဟာ အန္တရာယ်လည်းကြီးသလို အမြော်အမြင်နည်းရာလည်း ကျပါတယ်ဆိုတာ ပြောစရာကို မလိုပါဘူး။ နောက်ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ အကျိုးစီးပွားကို ပြောရရင် တရုတ်ရဲ့အကျိုးစီးပွားနဲ့တောင် ဆန့်ကျင်နေပါတယ်။ “ကျမ ဒီအစိုးရသစ်ရဲ့ မကြာခင်က လုပ်ရပ်တွေကို စိုးရိမ်ပါတယ်။ တင်းမာမှုမြင့်အောင် လုပ်နေသလိုပါပဲ။ အခုဆိုရင် ကျမတို့ရဲ့ မဟာမိတ်တွေဟာ အမေရိကန်ရဲ့ ယုံကြည်အားထားရမှု၊ စိတ်ချယုံကြည်မှုအပေါ်မှာ စိုးရိမ်နေကြပါပြီ။ ပြောရရင် ကင်ဂျုံအန်းနဲ့ တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ်လိုက်ရင် ကင်ဂျုံအန်းကတော့ ပြုံးနေမှာပါ။ “တရုတ်အနေနဲ့ လှေနံနှစ်ဖက်နင်းလို့မရဘူး။ မြောက်ကိုရီးယားအပေါ် သူတို့ပေးနိုင်တဲ့ စီးပွားရေးဖိအားကို လျှော့ပေးနေလို့ မရသလို တပြိုင်နက်တည်းမှာပဲ တောင်ကိုရီးယား ရင်ဆိုင်နေရတဲ့ တကယ့်ခြိမ်းခြောက်မှုနဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့ အသက်ကို လျှော့တွက်လို့မရပါဘူး” လို့ ဟီလာရီကလင်တန်က ပြောကြားသွားတာ ဖြစ်ပါတယ်။
4 years Ago
More News
Up