ဟင်္သာတ

August 14, 2018

ဟင်္သာတတွင် ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ ၅ ဦး တရားစွဲခံရ

ကရင့်အာဇာနည်နေ့ အခမ်းအနားကို တားမြစ်တဲ့ကြားက ဆက်လက်ကျင်းပခဲ့လို့ ဦးဆောင်သူ ကရင်ပြည်သူ့ပါတီက ဦးကျော်ကြီး၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ် ရဲစခန်းက တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ကျင်းပရာမှာ အာဏာပိုင်တွေက တားမြစ်ခဲ့တာပါ။ မြို့နယ်မှူးက ကရင့်အာဇာနည်နေ့ ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ ပြောဆိုခဲ့ရာမှာ မဖြုတ်ပေးနိုင်ကြောင်း ပြောဆိုခဲ့လို့ တရားစွဲဆိုတာလို့ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ “အကြောင်းကြားစာတော့ မရသေးဘူး။ သူတို့က ဟင်္သာတက ကျင်းပတဲ့ လူကြီးတွေကို မြို့နယ်ရုံးကနေ ခေါ်ပြီးတော့ အခုလို တရားစွဲမယ်ဆိုပြီးတော့ အဲလို ပြောလိုက်တယ်လေ။ ဆင့်စာတော့ မရောက်သေးဘူး။  ပုဒ်မ ၂၆ က တားမြစ်တဲ့ဟာကို မလိုက်နာတဲ့ ဟာပေါ့နော်။ ခွင့်ပြုချက်မရဘဲနဲ့ လုပ်တဲ့ဟာမျိုးပေါ့နော်။ ” အခုလို ကရင့်အာဇာနည်နေ့ ကျင်းပတားမြစ်တာနဲ့ တရားစွဲဆိုတာဟာ လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာကို နင်းခြေဖျက်ဆီးတာ ဖြစ်တယ်လို့လည်း ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ “ကရင်အာဇာနည်နေ့ ဆိုတာ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ သူ့အထွတ်အမြတ် အလေးအနက်ထားတဲ့ နေ့တွေ ရှိတယ်လေ။ ကျနော်တို့ ဗမာပြည်မှာ လွတ်လပ်ရေးနေ့တို့လို၊ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အာဇာနည်နေ့ ဒါ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူမျိုးအရ အထွတ်အမြတ်ထားတာ။ အဲလို ကျန်တဲ့လူမျိုးတွေမှာလည်း အဲလို ရှိတာပေါ့နော်။ ကျနော်တို့ကို ဒီလိုမျိုးလုပ်တဲ့အတွက် ဒါက လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာကို နင်းခြေဖျက်ဆီးတာနဲ့ အတူတူပဲလေ။ အဲဒီခါကျတော့ တမျိုးသားလုံးအပေါ်မှာ မကောင်းဘူးပေါ့နော်။” ကရင့်အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ကျင်းပခဲ့ပြီး ရန်ကုန်နဲ့ င်္ဟသာတက အခမ်းအနားကို အာဏာပိုင်တွေက တားမြစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်မှာ ကေအန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့ အဖွဲ့ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရင်း နဘူးမြို့နယ် ထို့ကော်ကိုးကျေးရွာအနီး လယ်တဲတခုမှာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။ အဲ့ဒီနေ့ကို အစွဲပြုပြီး ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ကရင်လူမျိုး အများစုနေထိုင်ရာ ဒေသတွေမှာတော့ အဲဒီနေ့တနေ့လုံး အစားမစားဘဲ ကရင့်အာဇာနည်နေ့ကို အလေးအနက် အထိမ်းအမှတ်ပြု ကျင်းပလေ့ရှိပါတယ်။ ကရင်အမျိုးသားအစည်းအရုံးဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးရယူပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါ တယ်။ အပစ်ခတ်ရပ်ပြီးနောက်ပိုင်း မတရားသင်းကနေ ဖယ်ဖျက်ကြောင်း အစိုးရက ကြေညာခဲ့ပြီး အဖွဲ့ဝင်တွေအနေနဲ့လည်း ကရင်အမျိုးသားရှိတဲ့နေရာတွေမှာ လွတ်လပ်စွာ သွားလာနေကြပါတယ်။
3 years Ago

August 12, 2018

ကန့်သတ်မှုများကြားမှ ကရင်အာဇာနည်နေ့အခမ်းအနား ဟင်္သာတတွင် ကျင်းပ

ဟင်္သာတမြို့မှာ ကရင်အာဇာနည်နေ့အခမ်းအနားကို ကန့်သတ်မှုတွေ ကြားကနေ ကျင်းပခဲ့ပါတယ်။ ကရင် အာဇာနည်နေ့အခမ်းအနားတွေကို ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်တွေမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် တားမြစ်ခံခဲ့ရပါတယ်။ ကရင့်အာဇာနည် စောဘဦးကြီးရဲ့ ဇာတိဖြစ်တဲ့ ပုသိမ် ဘဲဂရက်၊ မြောင်းမြမြို့နယ်၊ ပန်းတနော်၊ ဟင်္သာတမြို့နယ်တွေမှာ တားဆီးခံခဲ့ရပါတယ်။ အဲဒီလို ကန့်ကွက်တဲ့ကြားကနေ ဟင်္သာတမြို့နယ်မှာတော့ ၆၈ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ကရင်အာဇာနည်နေ့အခမ်းအနားကို ကန့်ကွက်တာဟာ ရိုင်းဆိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ “အာဏာရှိတိုင်း အပေါ်စီးကနေပြီး တိုင်းရင်းသားလူမျိုးတွေကို ဒီလိုဖိနှိပ်မယ်ဆိုရင် ငြိမ်းချမ်းရေးကလည်း ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ဆောင်ရွက်တာလည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာလည်း ဘာမှအဓိပ္ပာယ်မရှိ ဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာလည်း ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာ ကျနော်ပြောချင်တယ်။” ဟင်္သာတမြို့ ကရင်ပြည်သူ့ပါတီမှ စောကျော်ကြီးက “ဆုပေးပွဲမင်္ဂလာနဲ့ ဆုပေးပွဲ အခမ်းအနားကိုလုပ်ပါ။ အာဇာနည်နေ့ကို မလုပ်ပါနဲ့ဆိုပြီး ဆိုင်းဘုတ်တွေ၊ နဖူးစည်းစာတန်းတွေနဲ့ အတွင်းကဟာတွေ အကုန်လုံးဖြုတ်ခိုင်းတယ်။ ကျနော်တို့က မဖြုတ်ပေး နိုင်ဘူးဆိုတဲ့အကြောင်းကို သူတို့ကို ပြောပြပြီးတော့ ပြန်လာခဲ့တယ်” လို့ ပြောပါတယ်။ ဟင်္သာတမြို့မှာ ကရင် အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူတွေကို သြဂုတ် ၁၃ ရက်နေ့မှာ အရေးယူမယ်လို့ အုပ်ချုပ်ရေးဘက်ကလည်း ဆင့်ခေါ်ထားပါတယ်။ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ကရင်အမျိုးသားတို့ရဲ့ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ လုပ်ဖို့ဆိုပြီး တင်ထားခြင်းဖြစ်ပါတယ်။ ကျနော်တို့က တင်ထားတဲ့အတိုင်း ခွင့်ပြု ပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်တင်ထားတဲ့အထဲမှာ မပါတဲ့ (၆၈) နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ဆိုတာကျတော့ ကျနော်တို့ကို တင်တဲ့ထဲမှာ မပါတဲ့အတွက် ခွင့်မပြုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ကရင်အာဇာနည်နေ့ကို ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး ကျဆုံးတဲ့ သြဂုတ် ၁၂ ရက်နေ့ကို သတ်မှတ်ပြီး နှစ်တိုင်း နိုင်ငံတ၀ှမ်းမှာ ကရင်တိုင်းရင်းသားတွေက အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ ဟင်္သာတမှာလိုပဲ ဒီနှစ် ရန်ကုန်မှာပြုလုပ်တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို တားဆီးခံခဲ့ရပါတယ်။ ကေအန်ယူကတော့ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဖာပွန်ခရိုင် တပ်မဟာ ၅ အခြေစိုက်တဲ့ တပ်ရင်း ၁ မှာ စစ်ရေးပြ အခမ်းအနားနဲ့ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီအခမ်းအနားလုပ်ဖို့ ကေအန်ယူက ကြိုတင်လေ့ကျင့်တာကို တပ်မတော်က ကန့်ကွက်ပြီး စစ်အင်အား တိုးချဲ့ချထားတာတွေ လုပ်ခဲ့ပြီး နောက်ပို်င်းမှာ တပ်တွေ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။
3 years Ago
More News
Up