သံမဏိလိပ်ပြာ Mask

May 23, 2020

“အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းကို တန်ဖိုးထားလို့ ကျနော် ဝင်ပြိုင်တာပါ” Mask ပြိုင်ပွဲ ပထမဆုရှင်

နိုင်ငံတော် ​၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်တဲ့ Mask ချုပ်လုပ် ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှု အကောင်းဆုံးပထမဆုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာနေထိုင်တဲ့ မျိုးကြီး အကောင့်ပိုင်ရှင်က ရရှိခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်တဲ့ နှာခေါင်းစည်း Mask ချုပ်လုပ်ပြိုင်ပွဲမှာ သူ့အနေနဲ့ ဘာကြောင့် ဝင်ယှဉ်ခဲ့ရသလဲ၊ ပထမဆုရရှိခဲ့တဲ့အပေါ် သူဘယ်လိုခံစားရလဲ၊ သံမဏီလိပ်ပြာ Mask လို့ ဘာကြောင့် အမည်ပေးထားလဲ ဆိုတာတွေကို ဂျပန်အခြေစိုက် ဒီဗွီဘီသတင်းထောက် ဇော်ဇော်လှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။ “ကျနော်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျင်းပခဲ့တဲ့ Mask ပြိုင်ပွဲကို ဘာကြောင့်ဝင်ပြိုင်ခဲ့ရလဲဆိုတော့ အမေဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ချုပ်ထားတဲ့ Mask လေးကို လူမှုကွန်ရက်ကနေ ပထမဆုံး တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ကျနော် ကြည့်လိုက်တဲ့အခါမှာ ဂျပန်ပြည်သူအချို့နဲ့ အစိုးရဝန်ထမ်းအချို့ကလည်း ကိုယ်တိုင် ချုပ်ဝတ်နေတဲ့ Mask လေးတွေ ကျနော် မြင်ခဲ့ရတယ်။ Mask က ကိုယ်တိုင်ချုပ်လို့ရပါလားလို့ ကျနော် ပထမ စသိခဲ့ရပါတယ်။ နောက်တော့ အမေက ပြိုင်ပွဲကျင်းပမယ်လို့ ကြေညာလိုက်တယ်။ နောက်ရက်မှာ အမျိုးသားတွေရော ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်၊ နှိုးဆော်ပါတယ်လို့ အမေက တိုက်တွန်းတဲ့အခါမှာ အားတက်သရော ဝင်ပြိုင်ချင်စိတ်တွေ ကျနော် ဖြစ်လာတယ်။ အမေက အမျိုးသားတွေရော ဝင်ပြိုင်ပါလို့ ပြောတဲ့အခါမှာ အမှန်တကယ်က ကျနော် ချုပ်တာလုပ်တာ မကျွမ်းကျင်ဘူး။ မကျွမ်းကျင်ပေမယ့် ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ကျနော်က မက်ဆေ့ချ်တခု လူထုကို ပေးချင်တယ်။ ဆုရမယ်၊ မရတာက ကျနော် မမျှော်မှန်းထားဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းကို တန်ဖိုးထားလို့ ကျနော် ဝင်ပြိုင်တာပါ။”  “ဆုရတယ်လို့ သိရတော့ ပထမဆုံး ကျနော် ပျော်ရွှင်ကြည်နူးမိခဲ့တယ်။ ဒီ Mask သံမဏိလိပ်ပြာ ဆိုတာက အမေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားခြင်း ဖြစ်တယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ ဒီလိုပဲ သံမဏိလိပ်ပြာစိတ်ဓာတ်နဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဗော်လံတီယာတွေ၊ စေတနာရှင်တွေ၊ ပူးပေါင်းပါဝင်တဲ့ ပြည်သူလူထုတွေအပြင် အတူပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်များကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံးတီထွင်ဖန်တီးမှုဆုကို ကျနော် ရရှိခဲ့တယ်လို့ ခံစားပြီးတော့ ကျနော် အရမ်းပျော်ရွှင်ကြည်နူးမိပါတယ်။” “ကျနော့်ရဲ့ Mask သံမဏိလိပ်ပြာကို Vote ပေးခဲ့ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်။ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ဖြစ်တဲ့ Mask တွေကို တန်ဖိုးဈေးသက်သက်သာသာနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ ကိုယ်တိုင်ချုပ်လုပ်တဲ့ Mask တွေကို ဝတ်ဆင်ပြီးတော့ အလေ့အထလေးကို အကောင်အထည်ဖော်ပြီး COVID-19 ကပ်ရောဂါကြီးကို မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျော်လွှားနိုင်ခဲ့မယ်ဆိုရင် ကျနော် ပြိုင်ပွဲဝင်ရကျိုးနပ်ပါတယ် ခင်ဗျာ။”
1 year Ago

May 21, 2020

Mask ချုပ်ပြိုင်ပွဲ တီထွင်ဖန်တီးမှုအကောင်းဆုံးဆု ၃ ဆုကြေညာ၊ သံမဏိလိပ်ပြာ Mask ဖန်တီးရှင်ဗိုလ်စွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် ကျင်းပတဲ့ နှာခေါင်းစည်း Mask ချုပ် ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုရရှိသူ ၃ ဦးကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီဆု ၃ ဆုထဲမှာတော့ သံမဏိလိပ်ပြာအမည်နဲ့ တင်စားပြီး ထူးထူးခြားခြား Maskချုပ် လုပ်ကာ ပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်  မျိုးကြီးအကောင့်က ပထမ၊ ငြိမ်းချမ်းရေးသင်္ကေတ သံလွင်ခက်ကိုက်ချီထားတဲ့ ချိုးငှက်ပုံ Mask နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ချမ်းမြေ့ကိုအကောင့်က ဒုတိယနဲ့ ချောစုအကောင့်က တတိယဆုတွေ အသီးသီး ရရှိသွားကြတာပါ။ ဒုတိယမြောက်နေ့အဖြစ် ဒီဆု ၃ ဆုကို ရွေးချယ်တဲ့နေရာမှာလည်း ဝင်ပြိုင်သူ အားလုံးက စိတ်ကောင်းစေတနာနဲ့ ဝင်ပြိုင်ကြတာလို့ ယုံကြည်တာကြောင့်ရယ်၊ အနုပညာ အမြင်သန်သူတွေများတာကြောင့်ရယ်ကြောင့် သုံးယောက်တည်း ရွေးထုတ်ရတာ ခက်ခဲပြီး Like အများဆုံးရသူဆုထက် ပိုရွေးချယ်ရခက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ပြီးခဲ့တဲ့မေလ ၁၃ ရက်က စတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်လာကြသူ အရေအတွက် ၂၁၁၂၀ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်း နှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခုထက် များလည်း ရပါတယ်) ကိုယ်တိုင်ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲ ချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကိုးကားပြီး ချုပ်လုပ်ရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။ ပြိုင်ပွဲဝင်ကြသူတွေထဲမှာတော့ ကျော်ကြားသူ အနုပညာရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေကအစ ပြည်တွင်း ပြည်ပမှ ပြိုင်ပွဲဝင်တွေ အမြောက်အမြား ပါဝင်ခဲ့ကြပြီး လက်ရှိမှာတော့ ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)ဆု၊ တီထွင်ဖန်တီးမှု အကောင်းဆုံးဆု၊ လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့ maskတွေထဲက like အများဆုံး။)နဲ့  ပြိုင်ပွဲဝင်ရခြင်း ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆု ဆိုပြီး ဆု ၁၂ ဆု ရွေးချယ်ချီးမြှင့်မှာဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ရွေးချယ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူအနှစ်သက်ဆုံး ဆု ၃ ဆု၊ တီထွင်ဖန်တီးမှု အကောင်း ဆုံးဆု ၃ ဆုစတဲ့ဆုတွေ အသီးသီး ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ ကျန်တဲ့ဆုတွေကိုလည်း နောက်နေ့တွေမှာ ထပ်မံကြေညာသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ “Mask ပြိုင်ပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေ သုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။
1 year Ago
Up