သံချပ်ကာကား

June 22, 2021

မန္တလေး၌ ပစ်ခတ်မှုဖြစ်ပြီးနောက် လက်လုပ်မိုင်းများကွဲ၊ စစ်တပ်က သံချပ်ကာကားများဖြင့်လှည့်နေ

မန္တလေးမြို့မှာ ဇွန်လ ၂၂ ရက် ဒီမနက် ၈ နာရီလောက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများမှာ လက်လုပ်မိုင်းတွေပေါက်ကွဲနေပြီး  စစ်တပ်က သံချပ်ကာ ကားတွေနဲ့ပါ လှည့်နေကြပါတယ်။

ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရဲစခန်း အနီးနဲ့စစ်ကောင်စီတပ်တွေ ကင်းပုန်းချရာနေရာ အနီးတွေမှာ လက်လုပ်ဗုံးပေါက်ခဲ့တာဖြစ်ပါတယ်။

ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်းအနီး ၊ မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်း အနီးတို့မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ သံချပ်ကာကားတွေနဲ့ပါ လှည့်လည်နေတဲ့အတွက်  လမ်းမတချို့မှာ ကားတာယာမီးရှို့တား ဆီးတာတွေ လုပ်ထားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့်လည်း အပြစ်မဲ့ အရပ်သားတွေ သေနတ်မှန်တာရှိတယ်လို့ သိရပါတယ်။

3 months Ago

May 25, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီ၏ သံချပ်ကာကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရ

ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲမှာ  အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာ ကားနှစ်စီးကို  မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) ကနေ သိရပါတယ်။

ဒီမော့ဆိုမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဒီမနက်ပိုင်းအစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးနိုင်ပြီး  PDFဘက်ကတော့ ၂ ယောက်ကျဆုံး ၃ ယောက် ဒဏ်ရာရထားတယ်လို့ PDFတပ်ဖွဲ့ဝင်တစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲမှာ  စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက      စက်သေနတ်၊ တင့်ကား၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး ရွာထဲအထိပါ လက်နက်ကြီး ကျရောက်မှုရှိနေလို့ ပြည်သူ တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံရွာသားတွေအများအပြား ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

4 months Ago
Up