သံ

October 12, 2020

ကိုရိုနာဗိုင်းရပ်စ်ပိုး ငွေစက္ကူ၊ ဖန်နှင့် သံပေါ်တွင် ၂၈ ရက်အထိ အသက်ရှင်နိုင်ဟု သုတေသီများပြော

ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘဏ်ငွေစက္ကူတွေ၊ ဖန်တွေနဲ့ သံမဏိတွေပေါ်မှာ ၂၈ ရက်ထိ အသက်ရှင်နေနိုင်ပြီး တုပ်ကွေးဗိုင်းရပ်စ်ထက် အများကြီးပို အသက်ရှည်နိုင်တယ်လို့ သြစတြေးလျ သုတေသီတွေက အောက်တိုဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်နှိမ်နင်းရေးမှာ သန့်ရှင်းရေးနဲ့ လက်ဆေးဖို့ လိုအပ်ချက်ကို သိသာထင်ရှားစေပါတယ်။ သြစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီ CSIRO က လုပ်တဲ့ စစ်တမ်းတွေ့ရှိချက်အရ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ဟာ တခြားလေ့လာချက်တွေထက် ပိုပြီး ကြာကြာ ကူးနိုင်စွမ်းရှိနေတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ပလတ်စတစ်၊ ငွေစက္ကူတွေနဲ့ ဖန်တွေ၊ လက်ကိုင်ဖုန်း မျက်နှာပြင်တွေပေါ်မှာ အပူချိန် ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ဆားစ်ကော့ဗ်တူး ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၈ ရက်ကြာ ကူးစက်နိုင်စွမ်းရှိနေဆဲ ဆိုတာ CSIRO က သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကို ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ပညာရပ်ဂျာနယ်ကနေ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ သာမန်တုပ်ကွေး ဗိုင်းရပ်စ်ကတော့ မျက်နှာပြင်တွေပေါ်မှာ ၁၇ ရက်ကြာ အသက်ရှင် နေနိုင်တာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံလူနာနဲ့ ကူးစက်ခံ နာလန်ထပြီးတာ အချိန် ၁ လ ရှိပြီဖြစ်တဲ့ လူနာတွေဆီက ရထားတဲ့ နမူနာနဲ့တူအောင် အချိုးအစားစပ်ထားတဲ့ ချွဲအတုထဲမှာ ဗိုင်းရပ်စ်ကို ထားရှိ စစ်ဆေးခဲ့တာပါ။ စမ်းသပ်မှုတွေကို အပူချိန် ၂၀၊ ၃၀ နဲ့ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် အပူချိန်တွေအောက်မှာ ပြုလုပ်ခဲ့ရာမှာ အပူချိန်နိမ့်လေ ဗိုင်းရပ်စ်က ပိုကြာကြာ အသက်ရှင်နိုင်လေဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပလတ်စတစ်ထက် စက္ကူ၊ ဘဏ်ငွေစက္ကူပေါ်မှာနဲ့ ချည်ထည်လို မျက်နှာပြင်ထက် ဖန်လို ချောမွေ့တဲ့ မျက်နှာပြင်ပေါ်မှာ ပိုကြာကြာ အသက်ရှင်တာကိုလည်း တွေ့ခဲ့ပါတယ်။ သုတေသနတွေအရ နေရောင်တိုက်ရိုက်ထိရင် ဗိုင်းရပ်စ် သေနိုင်လို့ ခရမ်းလွန်ရောင်ခြည် အလင်းရောင်ရဲ့ သက်ရောက်မှုကို ဖယ်ဖို့ စမ်းသပ်ချက် အားလုံးကို အမှောင်ထဲမှာ လုပ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။
8 months Ago
Up