သင်္ဘောတပိုင်း လေယာဉ်တပိုင်း ကမ္ဘာ့အရှည်လျားဆုံး လေယာဉ်ကြီး စမ်းသပ်ပျံသန်း

August 19, 2016

သင်္ဘောတပိုင်း လေယာဉ်တပိုင်း ကမ္ဘာ့အရှည်လျားဆုံး လေယာဉ်ကြီး စမ်းသပ်ပျံသန်း (ရုပ်သံ)

ကမ္ဘာ့အရှည်လျားဆုံး လေယာဉ်တမျိုးကို ဗြိတိန်နိုင်ငံက သြဂုတ် ၁၇ ရက်နေ့မှာ ပထမဆုံး အောင်အောင်မြင်မြင် စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ လေယာဉ်တပိုင်း၊ လေသင်္ဘောတပိုင်း တည်ဆောက်ထားတဲ့ ဒီလေယာဉ်ကို လန်ဒန်မြို့တော်မြောက်ဘက်က ဘက်ဒ်ဖို့ဒ် (Bedford) မြို့မှာ စမ်းသပ်မောင်းနှင်ခဲ့ကြတာပါ။ အခုတပတ် တနင်္ဂနွေနေ့က စမ်းသပ်ပျံသန်းဖို့ စီစဉ်ခဲ့ပေမယ့် စက်ပိုင်းချွတ်ယွင်းချက်တချို့ ရှိခဲ့လို့ သြဂုတ် ၁၈ ရက်နေ့ကမှ စမ်းသပ်ခဲ့ကြတာပါ။ ဒီလေယာဉ်ဟာ အရှည်ပေ ၃၀၂ ပေ ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် လေယာဉ်ထက်တောင် ပေ ၅၀ ပိုရှည်ပါတယ်။ အမြင့်ပေ ၂၀၀၀ ကို တက်ရောက်ဖို့ ၁၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ ဒီလေယာဉ်ကို အရင်က အမေရိကန်အစိုးရက တည်ဆောက်ခဲ့ပေမယ့် နောက်ပိုင်း အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဗြိတိန်ကုမ္ပဏီတခုက ဆက်လက်တည်ဆောက်ခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၃၂ သန်းကျော် ကုန်ကျပြီး အတောင်ပံတပ် လေယာဉ်ပျံတွေနဲ့ ရဟတ်ယာဉ်တွေရဲ့ အကောင်းဆုံးနည်းပညာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ လူလိုက်ပါရင်တော့ လေထဲမှာ ၅ ရက်ဆက်တိုက် ပျံဝဲနိုင်ပြီး လူမပါရင်တော့ သီတင်း ၂ ပတ်ကျော် လေပေါ်မှာ နေနိုင်ပါတယ်။ Airlander 10 လို့ အမည်ပေးထားပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပဲဖြစ်ဖြစ်၊ စစ်သုံးပဲဖြစ်ဖြစ်၊ အရပ်ဘက် ဝေဟင်စောင့်ကြည့်ရေး လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပြီး ဘယ်လေယာဉ်တွေထက်မဆို ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးနဲ့ အသုံးပြုနိုင်မယ်လို့ အင်ဂျင်နီယာတွေက ပြောဆိုပါတယ်။
5 years Ago
Up