သေနတ်သမား

March 21, 2023

အစ္စရေးစုံတွဲကို ပါလက်စတိုင်း သေနတ်သမားက သေနတ်ဖြင့်ပစ်ခတ်

ပါလက်စတိုင်းသေနတ်သမားတစ်ဦးဟာ ကားပေါ်က အစ္စရေးစုံတွဲကို အနောက်ဘက်ကမ်းက မြို့မှာ မတ် ၁၉ ရက်က ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ပြီးခဲ့တဲ့လက ဒီမြို့မှာပဲ အလားတူပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့လို့ အစ္စရေးအခြေချနေထိုင်သူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။ 

သေနတ်ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသွားတဲ့ အစ္စရေးလူမျိုးနဲ့ စစ်သားတွေဟာ အခင်းဖြစ်ပွားရာမှာ သေနတ်သမားကို ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်  ဏ်ရာရရှိသွားပြီး တရားခံကို ဖမ်းဆီးရမိ ခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက အတည်ပြုပါတယ်။ 

လတော်တော်ကြာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ငြိမ်သက်လာအောင် ရည်ရွယ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေအကြား အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဆွေးနွေးပွဲတွေကို အီဂျစ်နိုင်ငံမှာ ကျင်းပနေချိန်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်လာခဲ့ တာပါ။

လွန်ခဲ့တဲ့လက ဟားမက်စ် အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ရဲ့ သေနတ်သမားတစ်ဦးက အစ္စရေး အခြေချနေထိုင်သူ နှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဟာဝါရာမြို့မှာ နောက်ထပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေအကြား တင်းမာမှုဖြေလျှော့ရေး ဆွေးနွေးပွဲ ကျင်းပတဲ့နေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ပြီး အနောက်ဘက်ကမ်းဒေသမှာပါ လှုပ်ရှားနေတဲ့ ဟားမက်စ် အဖွဲ့က ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံတွေမှာ လုပ်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အကြား တင်းမာမှုလျှော့ချရေး ဆွေးနွေးပွဲတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒီတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ သိမ်းပိုက်မှုအပေါ်  သဘာဝအတိုင်းတုံ့ပြန်မှု သာဖြစ်တယ်လို့ ဟားမက်စ်အဖွဲ့က တာဝန်ခံပြောဆိုခဲ့ပါတယ်။ 

1 week Ago

January 28, 2023

အီရန်ရှိ အဇာဘိုင်ဂျန်သံရုံးတွင် သေနတ်သမားတဦးပစ်ခတ်မှုကြောင့် သံရုံးအစောင့် သေဆုံး

အီရန်နိုင်ငံက အဇာဘိုင်ဂျန်သံရုံးမှာ ဇန်နဝါရီ ၂၇ ရက်က သေနတ်သမားတယောက်ဟာ သံရုံးလုံခြုံရေး အစောင့်တယောက်ကို ပစ်သတ်ခဲ့ပြီး တခြားလူ ၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုဟာ ဘာကူအစိုးရရဲ့ လုံခြုံရေးတိုးမြှင့်ရေး တောင်းဆိုချက်တွေကို တီဟီရန်က လိုက်နာဖို့ ပျက်ကွက်ခဲ့ခြင်းရဲ့ ရလဒ် ဖြစ်တယ်လို့ အဇာဘိုင်ဂျန်အစိုးရက ပြောကြားပြီး “အကြမ်းဖက်ဝါဒ” လို့ တံဆိပ်ကပ်ထား ပါတယ်။ 

ဒီပစ်ခတ်မှုမှာ သံသယရှိသူ တယောက်ကို ဖမ်းဆီးခဲ့ကြောင်း တီဟီရန်ရဲတပ်ဖွဲ့က ပြောကြားထားပြီး အီရန်အာဏာပိုင်တွေကလည်း ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုအတွက် ဘာနိုင်ငံရေးအကြောင်းပြချက်မှ မပါဘူး လို့ ငြင်းဆိုခဲ့ပါတယ်။ 

သက်သေအထောက်အထားတွေနဲ့  ကနဦးလေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံရရင် သေနတ်သမားရဲ့ ရည်ရွယ်ချက်မှာ ကိုယ်ရေးကိုယ်တာကြောင့် ဖြစ်တယ် လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟော်စိန် အမီရဘ် ဒိုလာဟီရန်က အစိုးရဆိုက်တခုမှာ ပြောကြားခဲ့ပါတယ်။

တီဟီရန်မှာရှိတဲ့ အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သံရုံးနဲ့ သံတမန်တွေအနေနဲ့ ပုံမှန်လှုပ်ရှားမှုတွေကို ဆက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေကို  လုပ်ဆောင်ထားကြောင်းလည်း သူကပြောပါတယ်။ 

ဒါပေမယ့်လည်း တီဟီရန်မှ သူ့ရဲ့သံရုံးဝန်ထမ်းတွေကို မကြာခင် ရွှေ့ပြောင်းဖို့ စီစဉ်ထားကြောင်း အဇဲရီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒီကိစ္စအပေါ် ဒေါသထွက်ရကြောင်း ပြသဖို့နဲ့ တရားမျှတမှုကို တောင်းဆိုဖို့ ဘာကူရှိ အီရန်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့ပါတယ်။

တွစ်တာပေါ်က သီးခြားထုတ်ပြန်ချက် တစ်ခုမှာလည်း အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယဗ် က “အကြမ်းဖက်မှုလုပ်ရပ်” မှာ ပါဝင်ပတ်သက်နေသူတွေကို မြန်မြန်ဆန်ဆန် ပြစ်ဒဏ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။ 

တိုက်ခိုက်သူရဲ့ ဇနီးသည်ဟာ အဇာဘိုင်ဂျန်သံရုံးသို့ သွားရောက်ခဲ့ပြီး အိမ်ကို လုံးဝပြန်မလာခဲ့ ကြောင်း၊ သံရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း အဖြေမရခဲ့ဘဲ သူ့ဇနီး သံရုံးထဲမှာ ရှိနေတယ်လို့ ယူဆထားကြောင်း တိုက်ခိုက်သူက ပြောကြားခဲ့တယ်လို့ တီဟီရန်ရှိ ရာဇ၀တ်မှုဆိုင်ရာ ကြီးကြပ်ရေးမှူး တရားသူကြီး မိုဟာမက် ရှားရီယာရီ ကို ကိုးကားပြီး အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

တိုက်ခိုက်သူ အမျိုးသားရဲ့ ဇနီးသည်ဟာ အဇာဘိုင်ဂျန်မှဖြစ်ကြောင်း အီရန်ရဲချုပ်က ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။ 

အခုလမှာ ဘာကူအစိုးရဟာ အစ္စရေးနိုင်ငံဆိုင်ရာ ပထမဆုံး သံအမတ်ကို ခန့်အပ်ခဲ့ပြီးနောက် အဇာဘိုင်ဂျန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေ တိုးလာနေချိန်မှာ အခုဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။  

2 months Ago

ဂျေယူဆလင်တွင် သေနတ်သမား တဦးပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

အစ္စရေးနိုင်ငံမြို့တော် ဂျေရုဆလင်မြို့အစွန်အဖျား နဗေးယာကော့ဗ် အရပ်ရှိ ဂျူးဘုရား ကျောင်းတခုမှာ ဇန်နဝါရီ ၂၇ ရက်က သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၇ ဦး သေဆုံးပြီး အခြားလူ ၁၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

သေနတ်သမားဟာ အခင်းဖြစ်ရာကို ညဘက် ၈ နာရီ ၁၅ မိနစ်မှာ ရောက်ရှိလာခဲ့ပြီး သူ့ကို ရဲတပ်ဖွဲ့က ပစ်ခတ်မရှင်းလင်းခင်မှာ လူအများအပြားကို သေနတ်နဲ့ တရစပ်ပစ်ခတ်ခဲ့တာ လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အစ္စရေးဘက်က မြို့တော်ဂျေရုစလင်ထဲမှာပါဝင်တဲ့ ဒေသတခုအဖြစ် ယူဆထားတဲ့ ဂျူးဘုရား ကျောင်းအပြင်ဘက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရသူတွေဟာ လမ်းပေါ်မှာလဲကျနေကြပြီး သူတို့ကို အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ညတွင်းချင်းပဲ ဆေးရုံဆီ ခေါ်ဆောင်သွားခဲ့ကြပါတယ်။

အစ္စရေးသတင်းမီဒီယာတွေက ဒီသေနတ်သမားဟာ ဂျေရုစလင်မြို့ အရှေ့ဘက်မှာ နေထိုင်တဲ့ ပါလက်စတိုင်းလူမျိုးဖြစ်တယ်လို့ ဖော်ပြထားပေမယ့် တရားဝင် အတည်ပြုချက်တော့ မရှိသေးပါဘူး။ 

အစ္စရေး ရဲတပ်ဖွဲ့က ဒီတိုက်ခိုက်မှုကို "အကြမ်းဖက်ဖြစ်ရပ်"လို့ ဖော်ပြခဲ့ပါတယ်။ 

နိုင်ငံတကာ ဟိုလိုကော့စ်တ် အောက့်မေဖွယ်နေ့မှာ ဥပုသ် သည်တွေ တက်ရောက်ခဲ့တဲ့ ဂျူးဝတ်ပြု ဆုတောင်းမှုအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုအပေါ်မှာ တာဝန်ခံ ပြောဆိုတာမျိုး လောလောဆယ် မရှိသေးပါဘူး။ 

ဒါပေမယ့် အစ္စလာမ္မစ်လှုပ်ရှားမှု ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ “ဒီဖြစ်ရပ်တွေဟာ ဆက်စပ်မှုရှိတယ်လို့” မှတ်ချက်ပေးပါတယ်။ 

ဒါပေမယ့် ပါလက်စတိုင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအများစုကတော့ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအပြီး အဲ့ဒီနောက်ပိုင်း အစ္စရေးက တရားမဝင် တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတခုအဖြစ် မှတ်ယူထားကြတာပါ။

2 months Ago
More News
Up