သေနတ်မှန်

June 15, 2021

ပြည်မြို့က ခြံဝင်းတစ်ခုအတွင်း စစ်ကောင်စီတပ်များ ဝင်ပစ်ခတ်၊ လူငယ် ၁ ဦး သေနတ်မှန်

ပဲခူးတိုင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ပြည်ရတနာလမ်းရှိ နေအိမ်ခြံဝင်းတခုအတွင်း  ဇွန် ၁၅ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်  ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူငယ်တစ်ယောက်ကို  စစ်တပ်နဲ့ရဲတွေက  သေနတ်နဲ့ ပစ်ခတ် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 

စစ်ကား ၃ စီး၊ ရဲကား ၃ စီး၊ အိမ်စီးကား ၄ စီးနဲ့ ဆိုင်ကယ် ၅ စီး၊ ရပ်ကွက်လူကြီးတွေနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး ပစ်ခတ်ရာမှာ ခြံအတွင်းရှိ တခြားလူငယ် တစ်ယောက် သေနတ်ထိမှန်ကာ အိမ်ရှင်အမျိုးသမီးအားကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒေသခံတစ်ဦးက "ဒီခြံထဲမှာ တချို့လူငယ်လေးတွေ လာပုန်းနေတာရှိပါတယ်။ သူတို့လိုချင်တဲ့ လူရဲ့နာမည်နဲ့လာဖမ်းတာ။ တံခါးဖွင့်မပေးလို့ဆိုပြီး သေနတ်နဲ့ပစ်ဖမ်းတဲ့အချိန် တိုက်ပေါ်က ခုန်ချတဲ့ ကလေးတယောက်က ခြေထောက်ကျိုးသွားပြီး မပြေးနိုင်တာကို သေနတ်နဲ့ထပ်ပစ်ပြီးဖမ်းသွားတယ်။ အိမ်ရှင်အမျိုးသမီးကိုလည်း ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းသွားပါတယ်။ သူတို့တွေ လာဖမ်းတုန်းက WY စာတန်းပါ စိတ်ကြွဆေးတွေနဲ့ ပိုက်တပ်ထားတဲ့ ရေသန့်ဗူးတွေပါလာတယ်။ လာရောက်ခိုလှုံနေတဲ့ လူငယ်တွေဆီက မိတဲ့ပုံစံဖြစ်အောင် ခြံဝင်းအတွင်းကိုလည်း ဓာတ်ပုံရိုက်သွားကြတယ်။ သူတို့ဝင်လာတော့ မိသားစုဝင်တွေအားလုံးရဲ့ ဖုန်းကိုသိမ်းလိုက်တယ်။ ပြီးတော့ သေနတ်တွေနဲ့ ချိန်ပြီးခေါင်းတောင် မော့ကြည့်ခွင့်မရခဲ့ဘူး။ ဒီမှာနေတဲ့ ကလေးတွေရဲ့ ဂုဏ်သိက္ခာကျအောင် ဒီမှာဖမ်းမိသလိုနဲ့ ဓာတ်ပုံတွေရိုက်ယူသွားတာ" လို့ ပြောပါတယ်။

သေနတ်ထိမှန်တဲ့ လူငယ်ဟာ အသက် ၂၀ အရွယ်၊ ကိုအတီး ဆိုသူဖြစ်ပြီး၊ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အိမ်ရှင်အမျိုးသမီးကတော့ အသက် ၅၈ နှစ်အရွယ် ဒေါ်ရွှေစင်ဦး ဖြစ်ပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့တွေက နေအိမ်အတွင်းရှိ ပစ္စည်းတွေလည်း ဖျက်ဆီးသွားကာ ဆောက်လုပ်ရေးလုပ်ငန်းခွင့်သုံး ဦးထုပ်တွေ၊ လက်ကိုင်အသံချဲ့စက်တွေ၊ ပိုစတာ‌တွေ၊ ဆိုင်ကယ် ၇ စီးနဲ့ ဖုန်း ၆ လုံးကိုလည်း ယူဆောင်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

3 months Ago
Up