သေဆုံးသူ ၃၀၀၀ ကျော်

April 2, 2020

အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိပြီ

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၃ ထောင်ကျော်သွားပြီလို့ အီရန်တာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဧပြီ ၁ ရက်နေ့မှာ သေဆုံးသူ ၁၃၈ ဦးရှိခဲ့တာမို့ တိုင်းပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံး သူစာရင်းက ၃,၀၃၆ ဦးဖြစ်လာပြီး၊ အတည်ပြုထားတဲ့ကူးစက်ခံရသူဦးရေကတော့ ၄၇,၅၉၃ ဖြစ်တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာန  ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒါ့ကြောင့် လက်တွေ့မြေပြင်က ကိန်းဂဏန်းတွေဟာ အတည်ပြုထုတ်ပြန်တာထက် ပိုမြင့်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။  အီရန်မှာ အာဏာပိုင်တွေဟာ အစဉ်အလာအားလပ်ရက်ဖြစ်တဲ့ နော်ရပ်ဇ် ပိတ်ရက်နောက်ဆုံးရက်မှာလည်း ပြည်သူတွေကို အိမ်ထဲနေဖို့ တိုက်တွန်းခဲ့ပြီး ပြည်သူပိုင်ပန်းခြံတွေ၊ ဥယျာဉ်တွေအားလုံးကို ပိတ်ထားတာနဲ့ ရဲကိုစောင့်ကြပ်ခိုင်းထားတာတွေ လုပ်စေခဲ့ပါတယ်။  အီရန်သမ္မတ ဟာဆန်  ရောဟနီကတော့ ဧပြီ ၁ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အီရန်ဟာ အမေရိကန်ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရှိနေပေမဲ့ အခြားသောနိုင်ငံတွေထက် ကပ်ဘေးတိုက်ဖျက်ရေးမှာ ပိုအောင်မြင်နေခဲ့တယ်လို့  ပြောပါတယ်။  သူက အမေရိကန်အနေနဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး စေတနာကောင်းပြသရမယ့် သမိုင်းဝင်အခွင့်အလမ်းကို မလွဲချော်စေချင်ဘူးလို့လည်း ပြောပါတယ်။  အမေရိကန်ဘက်ကတော့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေကို ပိတ်ဆို့အရေးယူမှုထဲ မထည့်ဘဲ ကင်းလွတ်ခွင့်ပြုထားတယ်လို့  ပြောပါတယ်။  မတ် ၃၁ ရက်နေ့ကပဲ ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့ဟာ အီရန်ကို ကူညီဖို့  ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ပို့ဆောင် ပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
1 year Ago

March 2, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ပြီ

ကိုရိုနာဗိုင်းရပ်စ်ဟာ မတ် ၂ ရက် မနက် ၁၂ နာရီထိ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသပေါင်း ၆၇ ခုကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူ ၈၈၅၉၁ ဦး၊ သေဆုံးသူ ၃၀၄၅ ဦးနဲ့ ကူးစက်ခံရပြီးမှ နေပြန်ကောင်းလာသူ ၄၅၁၂၀ ရှိပြီလို့ သိရပါတယ်။ ရောဂါစတင်ကူးစက်ရာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကူးစက်မှုနှုန်း ကျဆင်းခဲ့ပေမယ့် အခုသီတင်းပတ်မှာ‌တော့ ကူးစက်နှုန်း ပြန်မြင့်တက်ခဲ့ပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ အီရန်တို့မှာလည်း ကူးစက်နှုန်း ရုတ်တရက် မြင့်တက်ခဲ့ပါတယ်။ မတ် ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေအရ အီရန်နဲ့ ဂျပန်တို့မှာ ကူးစက်ခံ လူ ၁၀၀၀ စီရှိနေပြီး တောင်ကိုရီးယားမှာတော့ ကူးစက်ခံ ၄၀၀၀ ကျော်သွားပြီး ကမ္ဘာ့ဒုတိယကူးစက်ခံအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။  အီရန်မှာတော့ လူ ၉၇၈ ယောက် ကူးစက်ခံရပြီး ၅၄ ယောက် သေဆုံးခဲ့လို့ တရုတ်နိုင်ငံ ပြင်ပ ကူးစက်ခံသေဆုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဒါကြောင့် အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတချို့က အီရန်နဲ့ နယ်စပ်တွေကို ပိတ်ပစ်ခဲ့ကြပြီး နိုင်ငံအ တော်များများက အီရန်ဆီ လေကြောင်းခရီးပျံသန်းမှု ရပ်တန့်ခဲ့ကြပါတယ်။ ဥရောပတိုက်မှာ အီတလီနိုင်ငံဟာ ကိုဗစ်နိုင်တဲင်း ကူးစက်ခံ အများဆုံးနိုင်ငံ ဖြစ်ပြီး စနေ ညနေမှာ ကူးစက်ခံ ၁၁၂၈ ယောက် ရှိခဲ့ပြီး ၂၉ ယောက် သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၄၂ ဦး ရှိပြီဖြစ်ပါတယ်။ အီတလီအစိုးရကတော့ ကူးစက်နှုန်း လျှော့ချရေးအတွက် ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်ခဲ့ပြီး လူထုစုဝေးမှုကို ကန့်သတ်သင့်တယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ ထိုင်း၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁ ရက်နေ့က ၁ ဦးစီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ကူးစက်မှု ဖြေရှင်းရေး လိုသမျှ အရင်းအမြစ်တွေကို သုံးဖို့ အမိန့်ထုတ်ရင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
1 year Ago
Up