သူရဦးရွှေမန်း

September 7, 2018

တပ်မတော်အတွင်း ဒီမိုကရေစီရှိဟု သူရဦးရွှေမန်း ပြောကြား

တပ်မတော်ထဲမှာလည်း တပ်တွင်းဒီမိုကရေစီ ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ  သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီနေ့ အထူးအစီအစဉ်အဖြစ် 'စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့' ခေါင်းစဉ်နဲ့ စက်တင်ဘာ ၇ ရက် မနက်က နေပြည်တော် လွှတ်တော်ရေးရာ (အိုင်-၁၁) အဆောင်မှာ ဒီဗွီဘီ ဒီဘိတ်ရဲ့ အထူးအစီအစဉ်ဖြစ်တဲ့ ဒီဘိတ်အကယ်ဒမီ ဆွေးနွေးပွဲ ကျင်းပရာမှာ ပြောသွားတာ ဖြစ်ပါတယ်။ "တပ်မတော်မှာလည်း ဒီမိုကရေစီရှိတယ်၊ အဲဒီလိုပြောရင် တချို့ ယုံတမ်းစကားလို့တောင် ထင်ချင်ထင်ကြလိမ့်မယ်" လို့ သူရ ဦးရွှေမန်းက ပြောပါတယ်။ “ကျနော်တို့ တပ်မတော်မှာ တန်းစီတိုင်း ပါဝင်တဲ့ ဟိုးအငယ်ဆုံး ရဲဘော်ကစပြီးတော့ တန်းစီမှာ သတင်းပို့ တင်ပြခွင့်ရှိတယ်။ ဒီတိုင်းပဲ တပ်မှာ တလတကြိမ် မပျက်မကွက် လုပ်ဆောင်ရတဲ့ (Durbar)၊ တနည်းအားဖြင့်ပြောရင် ဆန္ဒဖော်ထုတ်ပွဲရှိတယ်။ အဲလို ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်တဲ့အခါ မိမိရပိုင်ခွင့်တွေ တောင်းဆိုနိုင်တယ်၊ တင်ပြနိုင်တယ်၊ ဆွေးနွေးနိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ရှင်းလင်းဖြေကြားပေးနိုင်တယ်။ တကယ်လို့ သူ့ရပိုင်ခွင့်တွေ ပေးဖို့ကျန်တယ်ဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူက ပေးကိုပေးရတယ်။ ဒါ ဒီမိုကရေစီပဲ၊ တပ်ထဲမှာနေတုန်းက ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီလို ဒီမိုကရေစီ အလေ့အကျင့်များရှိခဲ့တဲ့ တပ်မတော်သားတယောက်အနေနဲ့ အခုလို စစ်ဘက်ကနေ ဒီမိုကရေစီ ဘာမှ မပါဝင်နိုင်စရာမရှိဘူး။ ဘာမှ အခက်အခဲမရှိဘူး။ ကျနော့်ကြည့်ပါ။” ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘာအခက်အခဲတွေ ရှိနေလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် မြန်မာ့ဒီမိုကရေစီရေးအတွက် အတားအဆီးဖြစ်နေတဲ့ ကိစ္စတွေ  ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရမည်းသင်း နည်းပညာတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေက ကျောင်းသူကျောင်းသားတွေနဲ့ တခြားဖိတ်ကြားထားသူတွေ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
3 years Ago

June 15, 2018

အသက်အန္တရာယ် လုံခြုံရေးအရ သွားလေရာ သေနတ်ကိုင်ဆောင်နေဆဲဟု သူရဦးရွှေမန်းပြော

အသက်အန္တရာယ် လုံခြုံရေးအတွက်  သေနတ်ကိုင်ဆောင်ပြီး သွားလေရာ ယူဆောင်နေရတာ ဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။ “တောက်လျှောက် ဒီအသက်ဒီအရွယ် ဒီအခြေအနေအထိ ဒီလို ရှင်သန်ခဲ့တာလည်း လုံခြုံရေးအတွက် လိုအပ်တဲ့သတိနဲ့နေပြီးတော့ လုပ်ခဲ့လို့ပါ။ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ အဲဒီသေနတ်ကို လိုင်စင်နဲ့ ကိုင်ပြီးတော့ ကိုယ်သွားတဲ့နေရာ ယူဆောင်သွားနေခြင်းပါ”လို့ သူရဦးရွှေမန်းက ပြောဆိုခဲ့တာပါ။ ဇွန်လ ၁၄ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ နုတ်ထွက်တာနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်ကို ပြုစုရေးသားထားတဲ့ စာအုပ် မိတ်ဆက်အခမ်းအနားမှာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က သူကိုယ်တိုင် ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်မှာလည်း   အိပ်ရာခါင်းအုံးရဲ့ အောက်မှာ သေနတ်ထားပြီး အိပ်တဲ့ အကြောင်း ထည့်သွင်းရေးသားခဲ့ ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်တွေ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။
3 years Ago

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ နုတ်ထွက်သည့်ကိစ္စ သူရဦးရွှေမန်း စာအုပ်ထုတ်ဝေ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ နုတ်ထွက်တာနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်ကို ပြုစုရေးသားထားတဲ့ စာအုပ်မိတ်ဆက်အခမ်းအနားကို ဇွန် ၁၄ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ပြည်ထောင်စုလွှတ်တော် နာယကဟောင်းနဲ့ လက်ရှိ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ သူရဦးရွှေမန်းက ရေးသားထားတာဖြစ်ပါတယ်။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်က ရာထူးတာဝန်ကနေ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုံရုံးအဖွဲ့ဟာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေဟာ “ပြည်ထောင်စုအဆင့် အဖွဲ့အစည်း” မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွှတ်တော်တွေဘက်က မကျေနပ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး နောက် နုတ်ထွက်ခဲ့တာလို့ စာအုပ်ရဲ့ ဥယျောဇဉ်မှာ ဖော်ပြပါတယ်။ ခုံရုံးအဖွဲ့ နုတ်ထွက်မှုဆိုင်ရာ လေ့လာတွေ့ရှိချက်၊ နိုင်ငံတော်သမ္မတ ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရဲ့ တင်သွင်းလွှာ၊ တင်သွင်းလွှာအပေါ် ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ရှင်းလင်းချက်၊ တင်သွင်းလွှာအပေါ် ပြည်သူ့လွှတ်တော်ရဲ့ ရှင်းလင်းချက်နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ လျှောက်လဲချက်တွေလည်း ဒီစာအုပ်မှာ ပါရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ လျှောက်လဲချက်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်၊ ခုံရုံးနဲ့ ဆက်စပ်ပြီး ပြည်သူ့လွှတ်တော်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ ကောက်နုတ်ချက်တွေလည်း ဖော်ပြပါရှိပါတယ်။ အလားတူ ခုံရုံး နုတ်ထွက်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်ရဲ့ ရက်စွဲစဉ်မှတ်တမ်း၊ ခုံရုံး ဥပဒေ၊ နည်းဥပဒေတွေနဲ့ ရည်ညွှန်းကိုးကားစာရင်းတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။
3 years Ago
More News
Up