သီးခြားပိတ်ဆို့

March 8, 2020

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် အီတလီနိုင်ငံမြောက်ပိုင်းကို သီးခြားပိတ်ဆို့မည်

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိထိရောက်ရောက်ထိန်းချုပ်တဲ့အနေနဲ့ အီတလီဟာ အနည်း ဆုံးလူဦးရေ ၁၆ သန်းခန့် နေထိုင်နေတဲ့ နိုင်ငံမြောက်ပိုင်းနဲ့အခြားဒေသတွေကို မတ်လ ၈ ရက်ကစလို့ သီးခြားပိတ်ဆို့သွားတော့မှာ ဖြစ်ပါတယ်။  ထိန်းချုပ်ပိတ်ဆို့မယ့်ဒေသတွေကတော့ လွန်ဘာဒီဒေသနဲ့ မြောက်ပိုင်းပြည်နယ် ၁၁ ခုတို့ အပြင် အရှေ့ပိုင်းဒေသတို့လည်း ပါဝင်ပါတယ်။  ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ လူအများစုဝေးရာတွေဖြစ်တဲ့ အားကစားရုံ၊ ရေကူးကန်၊ ပြတိုက်တွေနဲ့ နှင်းလျှောစီးစခန်းတွေအပြင်၊ ဘဏ္ဍာရေးအရ အချက်အချာနေရာတွေ ဖြစ်ကြတဲ့ မီလန်နဲ့ ကမ္ဘာလှည့်တွေအလာများရာ ဗင်းနစ်တို့လည်း အကျုံးဝင်တယ်လို့ သိရပါတယ်။  အီတလီဟာ ဥရောပမှာ ဗိုင်းရပ်စ်ဒဏ်အခံစားရဆုံးဖြစ်နေပြီး သေဆုံးသူ ၂၃၀ ကျော်သွားပြီဖြစ်ကာ မတ်လ ၇ရက်အထိ ကူးစက်ခံရသူပေါင်းလည်း ၁၂၀၀ကနေ ငါးထောင့် ၅,၈၈၃ ဦးထိ တရက်တည်း မြင့်တက်သွားခဲ့ပါတယ်။  ပိတ်ဆို့ထိန်းချုပ်မှုအစီအစဉ်တွေအရ လူတွေကို နေအိမ်ထဲမှာပဲ ဖြစ်နိုင်သမျှနေဖို့ ညွှန်ကြားထားပြီး စားသောက်ဆိုင်တွေနဲ့ကဖေးဆိုင်တွေ ကို ဖွင့်ခွင့်ပေးမယ်ဆိုပေမဲ့ လူတဦးနဲ့တဦး တမီတာအကွာလောက် ခွာထိုင်ကြဖို့ သတ်မှတ်ထားပါတယ်။  အများပြည်သူတက်ရောက်မယ့် အားကစားပြိုင်ပွဲအားလုံးကို ပိတ်ထားမှာဖြစ်ပြီး၊ ဘောလုံးပွဲတွေ အားလုံးကိုလည်း ရပ်နားမှာဖြစ်ပါတယ်။  ဧပြီ ၃ ရက်အထိ တလနီးပါး  ထိန်းချုပ်ပိတ်ဆို့မယ့်ဒီအစီအစဉ်မှာ အစိုးရရဲ့ အိမ်တွင်း အောင်းနေထိုင်ဖို့ သတ်မှတ်ချက်ကို ချိုးဖောက်သူတွေကိုလည်း ထောင်ဒဏ်သုံးလအထိ ပြစ်ဒဏ်ချမှတ်မယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
1 year Ago
Up