သီလရှင်များ

May 18, 2020

COVID-19 ကပ်ဘေးကာလ သီလရှင်များ ဆွမ်းဆန်အခက်အခဲရှိနေ 

ရန်ကုန်တိုင်းက မြို့နယ်တွေမှာ Semi Lockdown ကာလကို မေလ ကုန်အထိ ထပ်မံတိုးမြှင့်လိုက်တာကြောင့် အပြင်ထွက်ပြီး ဆွမ်းဆန်အလှူခံရတဲ့ သီလရှင်တွေ ရေရှည်မှာ ဆွမ်းအခက်အခဲရှိလာနေပါတယ်။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူအရေအတွက်အများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာ ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ဖို့အတွက် တိုင်းအစိုးရက Semi Lockdown ကာလကို အရင်က မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားရာကနေ မေလကုန်အထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ အစိုးရအဖွဲ့ကတော့ ပထမ Semi Lockdown စတင် ပြုလုပ်တဲ့အချိန်က စားဝတ်နေရေးခက်ခဲတဲ့ ပြည်သူတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ  စာသင်တိုက်တွေ သီလရှင်ကျောင်းတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်ပွားမှု အခြေအနေကာလရှည်ကြာလာတာနဲ့အမျှ တချို့သီလရှင်တိုက်တွေမှာ ဆွမ်းဆန်အလှူခံမထွက်ရတော့တာကြောင့် ရေရှည်မှာ ဆွမ်းအခက်အခဲရှိလာတယ်လို့ ခေမာရာမသီလရှင်စာသင်တိုက်က  ဆရာလေးဒေါက်တာစန္ဒာက မိန့်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ စာသင်တိုက်တွေ သီလရှင်ကျောင်းတွေအနေနဲ့ ကပ်ဘေးကာလ ကြာမြင့်လာတာကြောင့် ဆွမ်းဆေး အခက်အခဲရှိလာပြီး  အလှူရှင်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ တချို့သီလရှင်ကျောင်းလေးတွေကတော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှာကို  စိုးရိမ်ပေမဲ့လည်း ဆွမ်းဆန်အခက်အခဲရှိတာကြောင့် ဆရာလေးတွေ အလှူခံထွက်နေရတယ်လို့ ပြောပါတယ်။  အခု ပိတ်ပင်ကန့်သတ်မှုတွေကို နောက်ထပ် ၁၅ ရက်ထပ်မံတိုးမြှင့်လိုက်ရာမှာ ဆွမ်းစားအခက်အခဲရှိတဲ့ ကျောင်းတွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ တင်ပြရင် ကူညီဆောင်ရွက်ပေးဖို့ရှိတယ်လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၈၇ ဦးထိရှိလာပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူတွေအထဲမှာ သံဃာတော်တွေနဲ့ သီလရှင်တွေတော့ မပါဝင်ပါဘူး။  ခိုင်ပန်းနု
12 months Ago

May 13, 2020

အိန္ဒိယက ပြန်လာသည့် စာသင်သံဃာနှင့် သီလရှင်များ quarantine  ၂၁ ရက် ပြည့်

အိန္ဒိယနိုင်ငံက ပြန်လည် ရောက်ရှိလာတဲ့ စာသင် သံဃာတော်တွေ၊ သီလရှင် ဆရာလေးတွေ နဲ့ ပိတ်မိတဲ့သူတွေကို  အသွားလာကန့်သတ် ကျန်းမာရေး စောင့်ကြည့်ထားတာ ၂၁ ရက် ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံက ပြန်လာတဲ့ စာသင်သား သံဃာ ၊ သီလရှင် စုစုပေါင်း ၂၀၀ ကျော် နဲ့ လူပုဂ္ဂိုလ် ၄၀ ကျော် ပြန်လာတဲ့ အထဲမှာ လူပုဂ္ဂိုလ် တစ်ဦးမှာပဲ ရောဂါးပိုး တွေ့ရှိခဲ့ပါတယ်။  စာသင် သံဃာတော်တွေ၊ သီလရှင် ဆရာလေးတွေနဲ့ ပိတ်မိတဲ့သူတွေကို ဧပြီလ ၂၂ ရက်နေ့မှာ စီးလုံးငှားလေယာဉ်နှစ်စီးနဲ့  ပြန်လည်ခေါ်ယူပြီး စစ်ကိုင်းမြို့ကို ရောက်ရှိခဲ့တာပါ။  အဲဒီနောက် အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်နဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တို့မှာ ၂၁ ရက်တာ ကျန်းမာရေးစောင့်ကြည့်ခဲ့တာပါ။  Quarantine ရက်ပြည့်သွားပြီဖြစ်တဲ့အတွက် အားလုံး မေလ ၁၄ ရက်နေ့မှာ နေရပ်ပြန်ကြမှာဖြစ်ပါတယ်။ မပြန်ခင် ဒီကနေ့ညမှာ သီတဂူဆရာတော်ဘုရားကြီးကို ကန်တော့မှာ ဖြစ်သလို ဆရာတော်ကြီးက နဝကမ္မငွေ လှူတာတွေ လုပ်ဆောင်မယ်လို့ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်  အုပ်ချုပ်ရေးမှူးဆရာတော်  ဒေါက်တာသုန္ဒရက မိန့်ပါတယ်။  ဒါ့အပြင် သီရိလင်္ကာနိုင်ငံက သံဃာတော်တွေ၊ သီလရှင်ဆရာလေးတွေနဲ့ လူပုဂ္ဂိုလ်တွေ ကိုလည်း ပြန်လည်ခေါ်ယူသွားဖို့ရှိပါတယ်။ 
12 months Ago
Up