သီရိလင်္ကာ အကြီးဆုံး လက်နက်သိုလှောင်ရုံကြီးတခု ပေါက်ကွဲ

June 6, 2016

သီရိလင်္ကာ အကြီးဆုံး လက်နက်သိုလှောင်ရုံကြီးတခု ပေါက်ကွဲ (ရုပ်သံ)

သီရိလင်္ကာနိုင်ငံရဲ့ အကြီးဆုံး လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေထဲက တခုမှာ ဇွန် ၅ ရက်က မီးလောင်ပြီး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ စစ်သည်တဦး သေဆုံးပြီး တခြားတဦးလည်း ဒဏ်ရာရတယ်လို့ စစ်တပ်ပြောခွင့်ရက ပြောပါတယ်။ ဆေးရုံတွေနားက သတင်းရင်းမြစ် ၂ ခုကတော့ လူအနည်းဆုံး ငါးဦး ဒဏ်ရာတွေကြောင့် ကုသခံနေတယ်လို့ ပြောပါတယ်။ သေဆုံးစစ်သည်ကလည်း သွေးထွက်လွန်လို့ ဆေးရုံရောက်ချိန်မှာ သေဆုံးတာလို့ ဆိုပါတယ်။ လက်နက်တိုက်နဲ့ ၅ ကီလိုမီတာ ပတ်လည်မှာနေတဲ့ ထောင်နဲ့ချီတဲ့ လူတွေကို ဘေးကင်းရာ ချက်ချင်း ရွှေ့ပြောင်းပေးခဲ့တယ်လို့ သီရိလင်္ကာ ကပ်ဘေးစီမံခန့်ခွဲရေးဌာန ပြောခွင့်ရက ပြောပါတယ်။ မြို့တော် ကိုလံဘိုရဲ့ အရှေ့ဘက် မိုင် ၂၀ အကွာက ဆာလာဝါမြို့ စစ်စခန်းမှာ ပေါက်ကွဲမှုတွေ ငါးနာရီကျော် ဆက်တိုက်ဖြစ်ခဲ့လို့ ၁၂ ကီလိုမီတာကျော်ဝေးတဲ့ နေရာကနေ အသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပါဘူး။ အစိုးရက ရဲ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။ ဒေသခံ ရုပ်သံဌာနတွေက ဒုံးကျည်ထိပ်ဖူးခွံတွေနဲ့ အစအနတွေ လမ်းလယ်ခေါင်ပေါ် ကျရောက်နေပုံကို ရိုက်ကူး ပြသခဲ့တာပါ။ ပေါက်ကွဲမှုပြင်းထန်လို့ မီးသတ်သမားတွေ အခင်းဖြစ်ရာနေရာကို မရောက်နိုင်သေးဘူးလို့ ကိုလံဘို မီးသတ်ဌာန အရာရှိချုပ်က ပြောပါတယ်။ သီရိလင်္ကာနိုင်ငံအတွင်း လွန်ခဲ့တဲ့ ၇ နှစ်က တမီလ်ခွဲထွက်ရေး ကျားသူပုန်တွေနဲ့ ၂၆ နှစ်ကြာ စစ်ပွဲအပြီးမှာ သူတို့ရဲ့လက်နက်တွေကို နိုင်ငံတလွှား သိုလှောင်ထားခဲ့တာပါ။ အခု မီးလောင်ပေါက်ကွဲတဲ့ စခန်းကတော့ အကြီးဆုံး လက်နက်သိုလှောင်ရုံတွေထဲက တခုလို့ စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ အဲဒီဒေသက ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ဇွန် ၆ ရက်နေ့မှာ ပိတ်ထားဖို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။
5 years Ago
Up