သာယာဝတီ

November 7, 2020

သာယာဝတီ မဲရုံ ၁ ခုတွင် ကြိုတင်တံဆိပ်တုံး ထုထားသဖြင့် ကော်မရှင်သို့ တိုင်ကြား

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ ငဖြူ ကလေးကျေးရွာအုပ်စု မဲရုံအမှတ်-၁ မှာ အောက်တိုဘာ ၃၀ ရက်နေ့က  ကြိုတင်မဲစာရင်းစာရွက်တွေမှာ ကြိုတင်တံဆိပ်ရိုက်ထားတာတွေ တွေ့ရှိခဲ့တဲ့အတွက် မြို့နယ်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ မဲစာရင်းစာရွက်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကို တံဆိပ်ထုပြီး မဲပေးထားတဲ့အတွက် ကျန်ပါတီလေးပါတီက ကန်ကွက်တိုင်ကြားခဲ့တာလို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လွယ်လွယ်ဝင်းက ပြောပါတယ်။ “ငဖြူကလေးကျေးရွာအုပ်စု၊ မဲရုံအမှတ် (၁) မှာ အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်တာ။ မဲစာရင်းစာရွက် ပြည်သူ့လွှတ်တော် နေရာမှာ (NLD) ပါတီကို မဲပေးထားတာ တွေ့တယ်။ ကျမတို့ပါတီအပြင် USDP ပါတီ၊ PPP ပါတီနဲ့ တ.စ.ည ပါတီတွေကပါ စာတင်ပြီး ကန့်ကွက်ထားပါတယ်။ မနေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတွေ့နဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်နဲ့ မဲရုံတာဝန်ခံတွေ တွေ့ဆုံတာတွေ ပြုလုပ်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ တာဝန်မခံတဲ့အတွက် ဆက်လက်တရားစွဲဆိုတာတွေ လုပ်သွားမယ်” လို့ ပြောပါတယ်။ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရဲမြင့်က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့တဲ့ မဲစာရွက်ကို ကျနော်တို့ သိမ်းထားပြီး ပယ်မဲအဖြစ် လုပ်ထားတယ်။ တိုင်ကြားထားတဲ့ ပါတီတွေနဲ့ မြို့နယ်မှာ စေ့စပ်ညှိနှိုင်းတာတွေ ပြုလုပ်ခိုင်းထားပါတယ်။ ကျနော်တို့ကိုတော့ မြို့နယ်က ပြန်တင်ပြတာ မရှိသေးဘူး။ စေ့စပ်ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင်တော့ ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်မှာ မဲရုံပေါင်း ၉၉၁ ရုံနဲ့ မဲပေးရမယ့် လူဦးရေ ၈၆၀,၀၀၀ ကျော်ရှိပြီး ကြိုတင်မဲပေးရမယ့် လူဦးရေက ၁၆၀၀၀၀ ကျော်ရှိပါတယ်။ သတင်း - မေသွယ်
7 months Ago

October 28, 2020

သာယာဝတီတွင် NLD ပါတီအမှတ်တံဆိပ်ပါ စတစ်ကာအလှဆင်ကား ၅၀၀ ခန့်ဖြင့် အင်အားပြ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမှတ်တံဆိပ်ပါ စတစ်ကာအလှဆင်ထားတဲ့ အိမ်စီးကား ၅၀၀ လောက်နဲ့ လှည့်လည်အင်အားပြခဲ့ကြတယ်လို့ ပါတီအောင်နိုင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ NLD ပါတီ အောင်နိုင်ရေးကော်မတီ (လက်ပံတန်းမြို့) ဝင် ဦးလှဦးက "ပါတီရဲ့ အောင်နိုင်ရေးကာလဖြစ်ပေမဲ့ ကိုဗစ်ရဲ့ လူစုလူဝေးမလုပ်ရတဲ့ အခြေအနေမှာ အိမ်စီးကားတွေနဲ့ လူစုလူဝေးမဖြစ်အောင် ကားတစ်စီးကို လူနည်းနည်းနဲ့ပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ အိမ်စီးကားတွေနဲ့ပဲ အင်အားပြတဲ့ပွဲကို သာယာဝတီခရိုင်အနေနဲ့ ၈ မြို့နယ် လုပ်တာပါ" လို့ ပြောပါတယ်။ အခုလို အိမ်စီးကားနဲ့ အင်အားပြလှည့်လည်ပွဲမှာ သာယာဝတီခရိုင် ၈ မြို့နယ်က  အိမ်စီးကား ၄၈၆ စီး နဲ့ အခြားဝန်းရံကားတွေအပါအဝင် ကားအစီးရေ ၅၀၀ လောက်ရှိပြီး၊ လူအင်အား ၁၂၀၀၀ ကျော် ရှိခဲ့တယ်လို့ ပါတီထောက်ခံသူတစ်ဦးဆီက သိရပါတယ်။ သတင်း - ဝဏ္ဏထွန်း
8 months Ago
More News
Up