သာကေတမြို့နယ်

September 25, 2021

သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တွင် ဗုံးကွဲ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးနဲ့   သာကေတမြို့နယ် မင်းနန္ဒာလမ်းနဲ့ ဧရာဝဏ်လမ်းဆုံထိပ်ရှိ ရဲကင်းတဲတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  G-20 UBPO အဖွဲ့က အတည်ပြု ကြေညာပါတယ်။ 

စက်တင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီလောက်မှာ  ဒေါပုံမြို့နယ် ဇေယျာသီရိလမ်းပေါ်က လျှပ်စစ်မီတာရုံးနဲ့  ၅ နာရီ ၂၅ မိနစ်မှာ  သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီးနဲ့ ဧရာဝဏ်လမ်းမကြီးဆုံရာ လမ်းဆုံထိပ်မှာရှိတဲ့ ရဲကင်းတဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့  စီးပွားရေးလုပ်ငန်း‌တွေနဲ့  ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး‌တွေရဲ့ နေအိမ်‌တွေ၊ ပြည်သူတွေကို  ဒုက္ခအမျိုးမျိုးပေးနေတဲ့ သတင်းပေးဒလန်တွေရဲ့ စီးပွားရေးအဆောက်အုံတွေကိုလည်း  ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ G-20 UBPO  အဖွဲ့က ကြေညာချက်ထုတ် သတိပေးထားပါတယ်။

ဒေါပုံနဲ့ သာကေတမြို့နယ်မှာ ဒီနေ့ ညနေ ၅ နာရီလောက်မှာလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့  ဒေသခံတဦးက ပြောပြီး  ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သာကေတအဝိုင်းထိပ်မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေ တားဆီး စစ်ဆေးတာပြုလုပ်နေတယ်လို့ မြို့ခံက ပြောပါတယ်။

အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်အနီးတဝိုက်မှာလည်း  ဒီနေ့မနက်က  ဗုံး ၄ လုံး ပေါက်ကွဲခဲ့သလို စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားအနားမှ ဒီမနက် အစောပိုင်း ၂ နာရီလောက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago

September 21, 2021

သာကေတမြို့နယ် ဈေးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များ ဖြန့်ကြဲ

သာကေတမြို့နယ် ဈေးတွေထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက  “လုံးဝ လွတ်မြောက်ရေးကို တိုက်ယူကြ၊ သွေးကြွေးကို သွေးနဲ့တောင်းကြ” စာရွက်တွေဖြန့်ကြဲပြီး ပြည်သူလူထုကို ‌နှိုးဆော်တဲ့ camping တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းက ဈေးအတွင်း လူစည်ကားချိန်မှာ တော်လှန်လူငယ်တစုကနေပြီး စာရွက်များ ဖြန့်ကြဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

“ပြည်သူလူထုတရပ်လုံး လွတ်လပ်ရေးအတွက် စစ်အာဏာရှင်စနစ်အား တွန်းလှန်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ အခုလို ပြုလုပ်ခဲ့ကြတာ” လို့  ပါဝင်သူလူငယ်တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ပြောက်ကျားဆန္ဒပြလူငယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့ ကြားထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

Photo- AMM

2 months Ago
More News
Up