သမ္မတရွေးကောက်ပွဲ

April 27, 2019

အမေရိကန် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် သမ္မတရွေးကောက်ပွဲ ဝင်မည်

အမေရိကန် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ လာမယ့် ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်မယ်လို့ ဧပြီ ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။ ဘိုင်ဒင်ဟာ တတိယမြောက် သမ္မတရွေးကောက်ပွဲဝင်မယ့် သတင်းကို  YouTube နဲ့ တခြား ဆိုရှယ် မီဒီယာကနေ ကြေညာခဲ့တာပါ။ ဘိုင်ဒင်ရဲ့ ပထမဆုံး အများပြည်သူနဲ့ တွေ့ဆုံပွဲကို လာမယ့် ဧပြီ ၂၉ ရက် ပစ်ဘာ့ဂ်မြို့မှာ လုပ်မယ် မျှော်လင့်ရပါတယ်။ အသက် ၇၆ နှစ်အရွယ် ဘိုင်ဒင်ဟာ သမ္မတ၀င်အရွေးခံမလားဆိုတာနဲ့ ပတ်သက်လို့ လပေါင်းအတော်ကြာ အချိန်ယူခဲ့ပါတယ်။ ဘိုင်ဒင်သမ္မတ အရွေးခံမယ့်ကိစ္စဟာ မျက်နှာသစ်တွေကို လိုလားတဲ့ ဒီမိုကရက်တစ် ပါတီအတွက် အသက်ကြီးလွန်းသလား၊ အလယ်အလတ်နိုင်ငံရေး အမြင်ရှိလွန်းသလားဆိုတဲ့ မေးခွန်းအပါအ၀င် မေးခွန်းများစွာနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် လူထုသဘောထားစစ်တမ်းအရ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလယ်လောင်းတွေထဲမှာ ဘိုင်ဒင်ဟာ ဦးဆောင်နေပြီး လာမယ့် ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက်  သမ္မတဒေါ်နယ်ထရမ့်ကို စိန်ခေါ်မယ့် ပြိုင်ပွဲဝင်ဟာ အခုဆိုရင် အယောက် ၂၀ ရှိသွားပြီ ဖြစ်ပါတယ်။
2 years Ago

March 23, 2019

အမေရိကန်သမ္မတရွေးကောက်ပွဲကိစ္စ စုံစမ်းရေး အစီရင်ခံစာ ရှေ့နေချုပ်ထံ ပေးပို့

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်ခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းထားတဲ့ အစီရင်ခံစာကို ရောဘတ်မူလာက အမေရိကန် ရှေ့နေချုပ်ထံ ပေးပို့ခဲ့တယ်လို့ တရားရေးဌာနက မတ် ၂၂ ရက်နေ့မှာ ပြောကြားပါတယ်။ အဲဒီ အစီရင်ခံစာကို ချက်ချင်းထုတ်ဖော် မပြောကြားဘဲ ရှေ့နေချုပ် ၀ီလီယံဘားက ဘယ်လောက် အတိုင်းအတာ ဖွင့်ချမလဲဆိုတာကို ဆုံးဖြတ်မှာပါ။ ဒီအစီရင်ခံစာမှာ ထရမ့်ရဲ့လက်ထောက် အများအပြားအပေါ်  တင်ထားတဲ့ စွဲချက်တွေအပြင် ထရမ့် ဒါမှမဟုတ် သူရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြစ်မှုကျူးလွန်တာကို အထူးစုံစမ်းရေးမှူး မူလာ တွေ့ရှိခဲ့လားဆိုတာ မသိရပါဘူး။ အထူးစုံစမ်းရေးမှူး မူလာက  ဒီစုံစမ်းရေးကို ၂၀၁၇ ခုနှစ်ကတည်းကစလို့ ဦးဆောင်ခဲ့တာပါ။ မူလာက ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့် မဲဆွယ်စည်းရုံးရေးအဖွဲ့က ရုရှားနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်ခဲ့သလားဆိုတာနဲ့ သူ့ရဲ့ စုံစမ်းရေးကို သမ္မတ ထရမ့်က တားဆီးသလားဆိုတာကို စုံစမ်းခဲ့တာဖြစ်ပါတယ်။ သမ္မတ ထရမ့်ကတော့ ရုရှားနဲ့ ပူးပေါင်းတယ်ဆိုတာကိုရော  စုံစမ်းရေး တားဆီး တယ်ဆိုတာကိုပါ ငြင်းဆိုထားပါတယ်။
2 years Ago
More News
Up