သမ္မတ

July 13, 2019

သမ္မတဒူတာတေး၏ မူးယစ်နှိမ်နင်းရေးစစ်ဆင်ရေး လူအများအပြားသေဆုံးခဲ့မှု ကုလစုံစမ်းမည်

ဖိလစ်ပိုင်သမ္မတဒူတာတေး အစိုးရလက်ထက် မူးယစ်နှိမ်နှင်းရေ စစ်ဆင်ရေးအတွင်း လူအများအပြား သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်တာကို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ဇူလိုင် ၁၂ ရက်နေ့မှာ ကြိုဆိုလိုက်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးမယ့် ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၁၅ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။ မူးယစ်နှိမ်နင်းမှုအတွင်း သားဖြစ်သူ ဆုံးရှုံးလိုက်ရတဲ့ ဂျိုစလင်းက သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ကြောင့် သားဖြစ်သူအတွက် အမှန်တရားပေါ်လာမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။ ရဲတပ်ဖွဲ့က ဂျိုစလင်းရဲ့ သားဟာ ရဲကိုပြန်ပစ်ပြီး သူ့မှာ သေနတ်တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဂျိုစလင်းကတော့ သားဖြစ်သူမှာ သေနတ်ဝယ်စရာ ငွေမရှိတာမို့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေကတော့ ကွပ်မျက်တယ်ဆိုတာကို ငြင်းဆိုပြီး ရဲတပ်ဖွဲ့က သုတ်သင်ခဲ့တဲ့ လူပေါင်း ၆,၆၀၀ ဟာ လက်နက်ကိုင် မူးယစ်တရားခံတွေဖြစ်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီးတာကို ပြန်လည်ခုခံတယ်လို့ ဆိုပါတယ်။ အခု စုံစမ်းစစ်ဆေးမယ့် ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဖိလစ်ပိုင်ပြည်သူတွေဟာ သမ္မတ ဒူတာတေးကို အပြည့်အ၀ ထောက်ခံတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
2 years Ago

July 6, 2019

နိုင်ငံအကျပ်အတည်း တွေ့ဆုံဆွေးနွေးရန် ဗင်နီဇွဲလားသမ္မတ တောင်းဆို

ဗင်နီဇွဲလားနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇူလိုင် ၅ ရက်နေ့မှာ သမ္မတ နီကိုးလပ်စ်-မာဒူရိုက နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။ လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားမှာ သမ္မတ မာဒူရိုက နော်ဝေနိုင်ငံက ကြားဝင်ဆောင်ရွက်နေတဲ့ အစိုးနဲ့အတိုက်အခံအကြား ညှိနှိုင်းမှုတွေကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။ မာဒူရိုက ရေရှည်သွားတဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်ဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။ သဘောတူညီချက်ရဖို့ တခုခုကို  အလျှော့ပေးရမယ်လို့ ဆိုပါတယ်။ ဒီသတင်းပတ်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မစ်ရှဲ ဘာချီလက်က ဗင်နီဇွဲလားလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရကတော့ “ကိုယ်လိုရာ ရွေးနှုတ်တင်တဲ့ အစီရင်ခံစာ” လို့ ပြောလိုက်ပြီး ဓမ္မဓိဋ္ဌာန် မကျဘူးလို့ ဆိုပါတယ်။ နော်ဝေအစိုးရ ကြားဝင်ဖျန်ဖြေတဲ့ ဆွေးနွေးပွဲတွေကို ဒီသီတင်းပတ်အတွင်း လုပ်ဖို့ ရည်ရွယ်ထားပေမယ့် အထိန်းသိမ်းခံ ရေတပ်ဗိုလ်ကြီး အက်ကော့စ်တာ သေဆုံးပြီးနောက်မှာ ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ မာဒူရိုဟာ ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာရုံလွှဲစေချင်လို့ တွေ့ဆုံညှိနှိုင်းရေး ကြိုးပမ်းတာဖြစ်တယ်လို့  ဗင်နီဇွဲလားအတိုက်ခံက ပြောခဲ့ပါတယ်။
2 years Ago
More News
Up