သပြေအေးကျေးရွာ

July 28, 2021

ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာရှိ နေအိမ်များကို စစ်တပ်က ဖျက်ဆီး၊ ရွှေငွေပစ္စည်းယူ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၇ ရက်နေ့မှာ ဝင်ရောက်လာပြီး လူနေအိမ်တွေကို ဖျက်ဆီးကာ ရွာသားတွေရဲ့ အဖိုးတန်ရွှေ၊ ငွေနဲ့ စားသောက်စရာတွေ ယူသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

သပြေအေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးတာ ခုတကြိမ်နဲ့ဆိုရင် ၂ ကြိမ်ရှိပြီဖြစ်ပြီး  ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သပြေအေးကျေးရွာသား တစ်ဦးက ပြောပါတယ်။

“ဖျက်ဆီးခံရတဲ့အိမ်တွေ  တော်တော်လေးများတယ်။ ရွာထဲကို ပြန်ကြည့်ရဲသူကတော့ ပြန်ကြည့်နေကြတယ်။ တချို့တွေကတော့  ရွာထဲ ပြန်မဝင်ရဲကြသေးဘူး။ ကျနော့်အိမ်ကတော့ လက်ဝတ်လက်စားတွေနဲ့ ရွှေငွေပါယူသွားတယ်။ အခုလောလောဆယ်တော့ ကျနော့်လို အယူခံရတဲ့သူ ဘယ်နှယောက်ရှိမလဲ မသိသေးဘူး။” 

သပြေအေးရွာကို  ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းကို နောက်မှ ပြန်လာယူခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ သပြေအေးရွာသား ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတော့တာကြောင့်  သေသလား ရှင်သလား မသိရဘဲ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

3 months Ago
Up