သပိတ်ကျင်းမြို့နယ်

September 22, 2021

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအနောက် သုသာန်အနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခွဲလောက်က  မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတာကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

သပိတ်ကျင်းမြို့နယ်မှာအခု မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင် အပါအဝင် အနည်းဆုံး တာဝါတိုင် ၃ တိုင် မိုင်းခွဲခံထားရတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအနီး စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ်  စောင့်ကြည့်စစ်ဆေးနေပါတယ်။

2 days Ago

September 11, 2021

သပိတ်ကျင်းမြို့နယ်၌ အန်အယ်လ်ဒီပါတီဝင် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ  အလုပ်အမှုဆောင်တယောက်အပါအဝင် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က   ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် ဒီမနက် ၁၀ နာရီလောက်က ဖမ်းဆီးသွားတာဖြစ်ပြီး သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့  သိရပါတယ်။

ဒေသခံတယောက်က  “ကြာညှပ်ရွာ အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ကိုသန်းလှိုင်ဝင်းကို ရဲတပ်သား ဇော်မျိုးအောင်က စလောင်းပြင်စရာရှိလို့ လိုက်ခဲ့ပါဆိုပြီး လိမ်ခေါ်သွားတာ။ နောက် ရွာသား ၂ ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းစိုးနဲ့ ကိုဝင်းအောင်တို့ကိုကျတော့ အိမ်တွေကိုလည်း ဝင်ရှာတယ်။ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့ ဖမ်းသွားတယ်။ သူတို့ကို PDF တွေလို့ စွပ်စွဲတာ။ မဟုတ်ဘဲနဲ့” လို့ ပြောပါတယ်။

လတ်တလော ဖမ်းဆီးခံရသူတွေကို ဘယ်ကို ခေါ်သွားမှန်းမသိရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ကြာညှပ်ရွာနားမှာ အကြမ်းဖက်စစ်ကောင်စီ သင်္ဘော ၇ စီးလောက် ဆိုက်ကပ်ထားတာကြောင့်လည်း ကျေးရွာနေသူတွေ ထိတ်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2 weeks Ago
More News
Up