သပိတ်မှောက်ကျောင်းသား

December 8, 2015

သပိတ်မှောက်ကျောင်းသား ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသကျောင်းသားတွေကို ဒီနေ့မနက်က သာယာဝတီခရိုင် တရားရုံးမှာ ၂၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးနေပါတယ်။ ဒီနေ့ ရုံးထုတ်ရာမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအ၀င် ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၄ ဦးဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဒီနေ့ညနေမှာပဲ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေပြီလို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။ “အဓိက ကိုမင်းသွေးသစ်ကဆိုရင် အစာအိမ်ယောင်တယ်။ အာရုံကြောဖြစ်တယ်ပေါ့နော့်။ အခု ဆေးတွေပါ တခါတည်း သွင်းရတာလေ။ အခု ရန်ကုန်ဆေးရုံကြီးကို သွားနေပြီ။ မာနော်ဆိုရင်လည်း သူက ကျောက်ကပ်ဖြစ်တာလေ။ သူကကျတော့ အန်တယ်ပေါ့နော်။ ဆီးသွားရင်လည်း သွေးပါတယ်။ အော့တယ် နာတယ်ပေါ့။ ထိန်လင်းအောင်ကလည်း အစာအိမ်ပဲ။ ကိုမြကြီးဆိုရင်လည်း အာရုံကြောပေါ့၊ ကိုယ်တခြမ်း ထုံထိုင်းပြီး လေဖြတ်ချင်သလိုမျိုး ဖြစ်နေတာပေါ့။” ဆေးကုသခွင့်ရရှိတဲ့ ၄ ဦးကတော့ ကျောင်းသား ကိုမင်းသွေးသစ်၊ ကိုမာနော်၊ ၀န်းရံပြည်သူ ကိုမြကြီးနဲ့ ကိုထိန်လင်းအောင်တို့ ဖြစ်ပါတယ်။ လက်ရှိ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၉ ဦးရှိပြီး အခု နောက်ထပ် ၄ ဦး ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ ကိုခန့်အောင်နဲ့ တေဇာထွန်းတို့ ၂ ဦး အာမခံရရှိတယ်လို့လည်း ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။ “ဒီနေ့ ရုံးထုတ်မှာတော့ ကျမတို့ တရားလို ရဲမှူးဘုန်းမြင့်ကို ဆက်စစ်ပါတယ်။ လွန်ခဲ့တဲ့ရုံးချိန်းက အာမခံ ၃ ယောက် လျှောက်ထားတဲ့ထဲက ၂ ယောက်ရပါတယ်။ ခန့်အောင်ပေါ့နော်။ သူက ၁၀ တန်းကျောင်းသား၊ စာမေးပွဲဖြေဖို့နဲ့ရတယ်။ နောက်တခါ တေဇာထွန်း၊ သူက လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေတဲ့ တယောက်ပေါ့။  သူတို့နှစ်ယောက် အာမခံရပါတယ်။ ကိုခင်မောင်ဝင်းကတော့ စာရွက်စာတန်းတွေ မပြည့်စုံလို့ဆိုပြီး အပယ်ခံရပါတယ်။” ဒါ့အပြင် ဒီကနေ့မှာလည်း နောက်ထပ် ၃ ယောက် အာမခံရဖို့ ထပ်လျှောက်ထားတယ်လို့လည်း ပြောပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီး တရားစွဲဆိုထားတာပါ။ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူပေါင်း ၆၈ ဦးရှိခဲ့ပြီး ဒီနေ့ထိ ၁၈ ဦး အာမခံရရှိထားပြီ ဖြစ်ပါတယ်။ ကျန် အယောက် ၅၀ ကတော့ ထောင်တွင်းမှာ ဆက်လက် အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
6 years Ago

September 8, 2015

သပိတ်မှောက်ကျောင်းသားများဘက်က လျောက်ထားချက်များအားလုံး ပယ်ချခံရ

သာယာဝတီထောင်မှာထိန်းသိမ်းခံရတဲ့ သပိတ်မှောက်ကျောင်းသာတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ထပ်မံ ရုံးထုတ်စစ်ဆေးရာမှာ ကျောင်းသားတွေဘက်က ရှေ့နေရဲ့  လျှာက်ထားချက်တွေ အားလုံးကို  မြို့နယ်တရားရုံး ပယ်ချလိုက်ပါတယ်။ လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှုတွေဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်တဲ့နေတဲ့ တရားစွဲဆိုမှုဖြစ်ကြောင်းလျှောက်ထားချက်တွေကို  မြို့နယ်တရားသူကြီးက ပယ်ချလိုက်တယ်လို့ ကျောင်းသားတွေ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။ “လျှောက်လွှာတင်သမျှ အကုန်လုံးပယ်ချတယ်။ မြို့နယ်တရားရုံးကနေပြီးတော့လေ။ လျှောက်လွှာ ၆ မျိုးရှိတယ်။ ၆ မျိုးစလုံးကို ပယ်တယ်။ ဦးလျှောက်တဲ့လျောက်လွှာကိုပယ်တယ်။ ရှေ့နေ ဒေါ်ခင်ခင်ကျော် လျောက်တဲ့ လျှောက်လွှာ ၂ စောင်ကို ပယ်တယ်။ နောက်တခါ ပြည်ထဲရေးဝန်ကြီးရယ်၊ ရဲလုံခြုံရေးတပ်ရင် ၁၊ ၁၀၊ ၁၁ ရယ် ဒု-ရဲမှူးနန္ဒ၀င်းကို တရားစွဲဖို့ ဥစ္စာလည်း ပယ်တယ်။ နောက်ကား ၂ စီး အာမခံလျှောက်တယ်။ အဲဒါလည်း ပယ်တယ်။ နောက်တခါ ပြည်က ပြည်ဖြိုး သူ့အာမခံလျှောက်တာလည်း မြို့နယ်က ပယ်တယ်။ လျှောက်လွှာ ၆ စောင်လုံးကို အကုန်ပယ်တယ်။ ” ဒါ့အပြင် သာယာဝတီ ခရိုင်တရားရုံးမှာလည်း အာမခံ ၁၂ ဦးလျှောက်ရာမှာ အားလုံး ပယ်ချခံခဲ့ရတယ်လို့လည်း ဦးလှမျိုးမြင့်က ပြောပါတယ်။ ခုလိုမြို့နယ်နဲ့ခရိုင်တရားရုံးတွေက အာမခံလျှောက်ထားချက်ကို ပယ်တဲ့ပေါ် ပဲခူးတိုင်း ဒေသကြီးဆီကို ဆက်တက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ပဲခူတိုင်းဒေသကြီးတရားလွှတ်တော်ကို ဆက်တက်ဖို့ ရှေ့နေပါဝါယူရာမှာ မပေးဘဲ အချိန်စွဲထားတယ်လို့လည်း ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။ “ပဲခူးတိုင်းဒေသကြီး တရားလွတ်တော်ကို တက်ဖို့တော့ စီစဉ်ထားတယ်။ ဒါပေမယ့် ထောင်မှာ သွားပြီးတော့ အခု အချုပ်ခံနေရတဲ့ ကလေးတွေအတွက်ကို ရှေ့နေ ကိုယ်စားလှယ်လွှဲစာ သွားတယ်။ အဲဒါကို အခုချိန်ထိ ချမပေးသေးဘူး။ သူတို့က နေပြည်တော်အထိတင်ပြီးမှ ပေးမယ်လို့ ပြောတယ်။ ၁ ရက်နေ့က သွားပေးတာ ဒီနေ့ ၈ ရက်နေ့လည်းမရသေးဘူး။ နောက်ဘယ်လောက်ကြာဦးမလဲဆိုတာ မပြောတတ်ဘူး။ ” ဒီကနေ့ ရုံးထုတ်မှာတော့ ဇီးကုန်းက ကိုတွတ်ဆိုတဲ့ ၀န်းရံပြည်သူက ထောင်တွင်းမှာ ချော်လဲခဲ့လို တရားခွင်အရောက်မှာ သူ့ကို  သာယာဝတီဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ဓာတ်မှန်ရိုက်ရာမှာ နံရိုးမှာ ဒဏ်ရာရတဲ့အတွက် ရန်ကုန် ဆေးရုံကြီးဆီိ ပို့ဆောင်ခဲ့ရပါတယ်။ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင် ဆန္ဒပြခဲ့တာကြောင့် သာယာ ၀တီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။
6 years Ago
More News
Up