သထုံတွင်

September 21, 2017

သထုံတွင် တရားမဝင် သယ်ဆောင်လာသည့် ကျွန်းခွဲသားများ ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ စက်တင်ဘာ ၂၀ ရက်က တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းခွဲသားတွေ ဖမ်းမိခဲ့တယ်လို့ မြို့နယ်သစ်တောရုံးက ပြောပါတယ်။ သထုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ယာဉ်တွေကို စစ်ဆေးဆောင်ရွက်နေချိန် ပဲခူးကနေ ကရင်ပြည်နယ်ဘက်ကို ယာဉ်မောင်း အောင်ကျော်မိုး မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၅၀ ချောင်း၊ ၄ ဒသမ ၄၆၀၂ တန်၊ (တန်ဖိုး ၅၃ သိန်းကျပ်) ကျော်ကို တွေ့ရှိပြီး ဖမ်းဆီး သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးနိုင်က “ပဲခူးဘက်က လာပြီး ကရင်ပြည်နယ်ကနေတဆင့် တဖက်နိုင်ငံကို ပို့မယ့်သစ်တွေပါ။ ကျနော်တို့ဘက်ကနေတော့ တရားမဝင် သယ်ဆောင်လာတဲ့ သစ်တွေ ဖြတ်သန်းမသွားနိုင်ဖို့ ဂိတ်ဖွင့်ပြီး စစ်ဆေးနေတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးစိုးနိုင်က တရားလိုပြုလုပ်ပြီး တိုင်တန်းလို့  သထုံမြို့မရဲစခန်းက အောင်ကျော်မိုးကို သစ်တောဥပဒေပုဒ်မ ၄၃(က) နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago

September 9, 2017

သထုံတွင် တရားမဝင်သယ်ဆောင်လာသည့် သစ်များ ဖမ်းမိ

မွန်ပြည်နယ် သထုံမြို့နယ် သထုံ-ဘားအံကားလမ်းပေါ်ရှိ ဒူးရင်းဆိပ်ဘိနယ် ကြာပန်းကျေးရွာရှိ ရွှေသံလွင်တိုးဂိတ်အနီးတွင် စက်တင်ဘာလ ၈ ရက်နေ့က တရားမဝင် သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းမိခဲ့ပါတယ်။ သထုံမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ဌေးဦးက “ကရင်ပြည်နယ် ဘက်ကနေ သထုံဘက်ကိုသယ်လာတယ်၊ သထုံကနေတဆင့် ပေါင်မြို့နယ်ဘက်ကို သွားပို့မယ်လို့ ယာဉ်မောင်းကို စစ်တဲ့အခါမှာသိရတယ်၊ သစ်ကတော့ တောသစ်တွေပါ။ ပိုင်ရှင်တော့မပါလာဘူး၊ တောသစ်ဖြစ်တဲ့အတွက် သစ်တောဥပဒေအရပဲ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။ သထုံမြို့နယ်သစ်တောဦးစီးဌာနက တောအုပ်ကြီး တင်ဌေးဦးနဲ့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေဟာ ကြာပန်းတိုးဂိတ်အနီး စုပေါင်းဂိတ်မှာ တာဝန်ထမ်းဆောင်နေစဉ် ဘားအံကနေ သထုံကို ဦးကျော်ဖောင် (ခ) ဦးစောကျော်ချိန်ဖေါ့ မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ သစ်ခွဲသား ၇၃ ချောင်း၊ ကာလတန်ဖိုး ၂၄ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သထုံသစ်တောဦးစီးဌာနက တရားမဝင်သစ်သယ်ဆောင်လာတဲ့ ဦးကျော်ဖောင်ကို သစ်တောဥပဒေပုဒ်မ-၄၁ (က) နဲ့ အရေးယူထားပြီး တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago
More News
Up