သတင်းထောက်

July 29, 2019

ဒီဗွီဘီ သတင်း​ထောက်​ ခွန်​​ဇော်​ဦးကို ရုံးထုတ် ရမန်​ယူ 

ရှမ်းပြည်နယ်၊ လားရှိုးမြို့က Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် သတင်းပေးတိုင်ကြားလို့ လိုင်စင်မဲ့ယာဉ်စီးနင်းမှုနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲထားတဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ဇော်ဦးကို ဒီကနေ့  လားရှိုး တရားရုံးမှာ ရုံးထုတ်​ ရမန်​ယူပါတယ်​။ Gold Luck Water Park ပိုင်ရှင်က နေ့စားအလုပ်သမားတွေကို လုပ်အားခမပေးဘူးဆိုပြီး အလုပ်သမားတွေထံကသိရလို့ သတင်းထောက် ခွန်ဇော်ဦးနဲ့ အလွတ်တန်းသတင်းထောက် မြတ်မိုးသူတို့ ၂ ယောက်က နှစ်ဖက်အသံ ရနိုင်ရေးအတွက် ပိုင်ရှင်ဦးရဲနိုင်ကို  ဇူလိုင်​ ၂၂ ရက်က ဆက်သွယ်ခဲ့ရာမှာ သူ့ရဲ့ရုံးခန်းကို လာဖို့ ပြောတာကြောင့် သွားရောက်ခဲ့ပါတယ်။ Gold Luck Water Park ပိုင်ရှင်ဦးရဲနိုင်က သတင်းထောက်တွေဝင်ပြီးတဲ့အချိန်မှာ ခြံတံခါးကိုပိတ်ထားခဲ့တဲ့အပြင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်သတင်းထောက်တွေ စီးလာတဲ့ကားဟာ လိုင်စင်မဲ့ကားဖြစ်တယ်ဆိုပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကို သတင်းပေး တိုင်တန်းခဲ့တာပါ။ အခုလို သတင်းသမားတွေကို ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး လားရှိုးသတင်းထောက်များအဖွဲ့၊ တောင်ကြီး သတင်းထောက်များအသင်း၊ အထက်မြန်မာနိုင်ငံ သတင်းသမားများအဖွဲ့၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသမီးကွန်ရက်၊ ​ရွှေတြိဂံသတင်းလွှာတို့က ကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် သတင်းသမား ၂ ယောက်ကလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တင်ပြတိုင်ကြားထားပါတယ်။ သတင်း​ထောက်​ ခွန်​​ဇော်​ဦးကို အမှတ်(၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက (ပ)၂၈၀/၁၉၊ ပို့ကုန်​၊ သွင်းကုန်​-၈ ဥပ​ဒေ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး အဆိုပါ ဥပ​ဒေဟာ​ အမြင့်​ဆုံး ထောင်​ဒဏ်​ ၁ နှစ်​၊ အနိမ့်​ဆုံး ၁ လ (သို့မဟုတ်​) ​ပစ္စည်းတန်​ဖိုးအ​ပေါ်မူတည်​ပြီး ​ငွေဒဏ်​လည်း ချမှတ်နိုင်ပါတယ်။ လက်ရှိမှာ သတင်းထောက် ခွန်ဇော်ဦးကို  လားရှိုးမြို့ အမှတ်(၁) ရဲစခန်း အချုပ်မှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
2 years Ago

June 13, 2019

အိန္ဒိယတွင် ရထားတွဲချော်မှု သတင်းယူသည့် သတင်းထောက်ကို ရထားရဲများ ထိုးကြိတ်ဖမ်းဆီး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ကုန်ရထားတွဲချော်တာကို သတင်းယူတဲ့ သတင်းထောက်တဦးကို ရထားရဲတွေက ဝိုင်းဝန်း ထိုးကြိတ်ကြတယ်လို့ အဲဒီသတင်းထောက်က ဇွန်လ ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်မှာ သတင်းရယူတဲ့ သတင်းထောက်ကို ရထားရဲတွေက ထိုးကြိတ်ပြီးနောက် အချုပ်ထဲ ထည့်ခဲ့တာပါ။ ထိုးကြိတ်ခံရတဲ့ သတင်းထောက် အာမစ် ကူးမားက ရထားရဲက သူ့ကင်မရာကို ဖြတ်ရိုက်ခဲ့တာကြောင့် ကင်မရာ ခပ်လှမ်းလှမ်းကို ကျသွားခဲ့တယ်။ အဲဒီနောက် ကင်မရာကို သူသွားကောက်ပြီး ပြန်လာတော့ ရထားရဲတွေက သူ့ကို စထိုးကြိတ်တယ်လို့ ပြောပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ဥတာပရာဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ရဲဝန်ထမ်းနှစ်ဦးကို ရာထူးက ဆိုင်းငံ့ခဲ့ပြီး စုံစမ်းရေးလုပ်နေတယ်လို့ ပြောပါတယ်။ ၂၀၁၉ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ နိုင်ငံနဲ့ဒေသပေါင်း ၁၈၀ အနက်  အိန္ဒိယက နံပါတ် ၁၄၀ မှာ ရပ်တည်နေပါတယ်။
2 years Ago
More News
Up