သစ်တော

July 18, 2020

တပ်သိမ်းမြေ အစားထိုးပြန်ပေးရန် သစ်တောဖျက်ပြီး ယာကွက်ဖော်မှု ဆီဆိုင်ဒေသခံများ ကန့်ကွက်

ဆီဆိုင်မြို့နယ်၊ ပင်စုံနဲ့ ကုန်းဆွတ်ကျေးရွာအုပ်စုစပ်ကြားရှိ ဒေသခံတွေ ထိန်းသိမ်းထားတဲ့ သစ်တောကို တပ်သိမ်းမြေ အစားထိုးပြုလုပ်ဖို့ စီစဉ်တဲ့အပေါ် ဇူလိုင် ၁၈ ရက်က ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီသစ်တောကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဆီဆိုင်မြို့ ခမရ ၄၂၃၊ ၄၂၄ သိမ်းထားတဲ့မြေအစား တောင်သူကို ပြန်ပေးဖို့ ယာကွက်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတွေက ဘိုးဘွားလက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ သစ်တောဧက ၂၀၀ ဝန်းကျင်ကို အဖျက်ဆီးမခံနိုင်လို့ ကန့်ကွက်ကြတာလို့ ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီက  “သူတို့က မြေကွက် ယာကွက်ဖော်ပြီးမှ တပ်သိမ်းထားတဲ့မြေကို တောင်သူကို အစားပြန်ပေးဖို့ လုပ်နေပါတယ်။ ဒီသစ်တောက ဒေသခံတွေ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ သစ်တောဖြစ်တဲ့အတွက် ဒီနေ့ လာကန့်ကွက်တာ၊ ကန့်ကွက်စာတွေလည်း တင်ပြီးပြီ၊ ကျနော်တို့ဆန္ဒက ဒီသစ်တောကို မဖျက်ဆီးစေချင်ဘူး။” မြေကွက် ယာကွက်ပြုလုပ်ဖို့ ဒေသဦးစီးအဖွဲ့က ယာယီတဲနဲ့ ဘက်ဖိုးစက်ပစ္စည်းတွေ လာရောက်ထားရှိထားတယ်လို့ မြေနီရွာနေ ဦးစံပီးက ပြောပါတယ်။ “အခု သူတို့ တဲလာဆောက်ပြီ။ ဘက်ဖိုးနှစ်စီး လာထားပြီ။ အခု ရွာသားတွေက ပေးမလုပ်ဘူး။ ကန့်ကွက်မယ်၊ ဒီသစ်ပင်တွေက ကုန်သွားရင် သဘာဝခန်းခြောက်ပြီး ဒေသခံတွေပဲ ခံရမှာ။” ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသဦးစီးအဖွဲ့ဝင် ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်လှသိန်းကို ကြိုးစားဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်မှုမရခဲ့ပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဆီဆိုင်မြို့ ခမရ ၄၃၊ ၄၂၄ တပ်သိမ်းထားတဲ့ မြေဧက ၁၉၀၀ ကို အစားပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က တောင်သူနဲ့ လာရောက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပေမယ့် တောင်သူတွေက လက်မခံခဲ့ကြောင်း သိရပါတယ်။ ခွန်ရာဇာ
11 months Ago

July 5, 2020

ဆိပ်ဖြူတွင် စိုက်ပျိုးထားသည့် ကျွန်းပင်များ ၉၀ ရာခိုင်နှုန်း အောင်မြင်

ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာန သစ်တောကြိုးဝိုင်းတွေမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ကျွန်းစိုက်ခင်း‌မြေဧက ၁၅၀၀ မှာ ကျွန်းပင် စုစုပေါင်း ၉ သိန်းခွဲလောက် စိုက်ပျိုးထားပြီး ၉၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာတော့ ဘတ်ဂျက်ငွေကျပ် ၄၂၀ သိန်း သုံးစွဲပြီး မြေဧက ၁၀၀ မှာ ကျွန်းပင်ပေါင်း ၅၄၀၀၀ ပင် စိုက်ပျိုးထားတယ်လို့ မြို့သစ်တောဦးစီးမှူး ဦးထက်လင်းက ​ပြောပါတယ်။ အခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အောက်တိုဘာလမှ စတင်ကာ စစ်နှင့်တိုးချဲ့ကြိုးဝိုင်းအတွင်း ကျွန်းပင် ၅၄,၀၀၀ စိုက်ပျိုးခဲ့ပြီး အခုလမှာ ပထမအကြိမ် ပေါင်းရှင်းတာ၊ ဖြည့်စွက်ပင် စိုက်ပျိုးတာတွေ ဆောင်ရွက်တေယ်လို့ ဆိုပါတယ်။ “ကျနော်တို့က တစ်ဝက်ကို နှစ်ချင်းပျိုး၊ တစ်ဝက်ကို တစ်နှစ်သား ပျိုးပင် သက်တမ်း၊ တစ်ဝက်စီ စိုက်ပျိုးတာပါ။ နိုင်ငံပိုင်စီးပွားဖြစ် ကျွန်းစိုက်ခင်းကို ပြည်ထောင်စု ဘတ်ဂျက်ကနေ တစ်ဧကကို လေးသိန်းနှစ်သောင်းကျပ် ဖြစ်ပါတယ်” လို့ သစ်တောဦးစီးမှူး ဦးထက်လင်းက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ်မှာ စစ်နှင့်တိုးချဲ့ကြိုးဝိုင်း၊ လက်ပံကြိုးဝိုင်း၊ ဆိပ်ဖြူထင်းကြိုးဝိုင်း၊ သပြေကြိုးပြင်ကာကွယ်တော၊ သပြေတိုးချဲ့ကာကွယ်တော၊ ဝံယူကြိုးပြင်ကာကွယ်တော၊ အိုင့်ကြီးကြိုးပြင်ကာကွယ်တောတို့မှာ စုစုပေါင်းဧက ၇၀၀၀၀ ကျော် ရှိတယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။ ဆိပ်ဖြူမြို့ရှိ ကြိုးပြင်ကာကွယ်တောတွေမှာ သန်း၊ ဒဟက်၊ ထောက်ကြံ၊ ရှား၊ လွန်ပို၊ သစ်ဆေး၊ အင်၊ အင်ကျင်း၊ သစ်ရာ စတဲ့ သစ်မျိုးများစေ့များ ပေါက်ရောက်ပြီး သစ်တောကြိုးဝိုင်းတွေမှာတော့ ကျွန်း၊ ပိတောက်၊ နှော၊ ပျဉ်းကတိုး စတဲ့ သစ်မျိုးတွေ ရှိတယ်လို့ ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။ ကိုလင်း(ချောက်)
12 months Ago
Up