သစ်ပင်

July 9, 2019

တူရကီတွင် တက္ကသိုလ်အတွင်း အဆောင်ဆောက်ရန် သစ်ပင်ရာချီခုတ်လှဲမှု ကျောင်းသားများ ဆန္ဒပြ

တူရကီ ထိပ်တန်းတက္ကသိုလ်တခုက ကျောင်းသားတွေဟာ ကျောင်းဝင်းအတွင်း အဆောင်တခုဆောက်ဖို့ ရာနဲ့ချီတဲ့ သစ်ပင်တွေကို ခုတ်လှဲမယ့် အစီအစဉ်ကို ဆန့်ကျင်ပြီး ဇူလိုင် ၈ ရက်က ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက ငရုတ်ကောင်းရည်တွေ ဖျန်းခဲ့ပြီး သစ်ပင်တွေ စတင်ခုတ်လှဲနေတဲ့ပုံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။ တူရကီမြို့တော် အန်ကာရာက အရှေ့အလယ်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားတွေဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ၅၅ ရက်ကြာ စခန်းချနေခဲ့တာပါ။ ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ဆယ်ဧကရှိတဲ့ သစ်တောရဲ့ ဂေဟစနစ်ကို ထိခိုက်စေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေလိမ့်မယ်လို့ သူတို့က ငြင်းခုန်ထားပါတယ်။ တနင်္လာနေ့ မနက်ပိုင်းမှာ ရဲတွေက ကျောင်းသားတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပြီး အဖမ်းခံရတဲ့ကျောင်းသား မရှိဘူးလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်အပြီးမှာ အာဏာပိုင်တွေက သစ်ပင်တွေကို စပြီး ခုတ်လှဲခဲ့ပါတယ်။ ခွင့်ပြုချက်ရထားတဲ့နေရာမှာ ကျောင်းသားတွေနေဖို့ အဆောင်ဆောက်နေပြီး သစ်ပင် ၇၅၀ ကို ခုတ်ခဲ့တယ်လို့ တက္ကသိုလ် ဥက္ကဋ္ဌရုံးက ပြောပါတယ်။
2 years Ago

June 21, 2019

စိမ်းလန်းသစ်ပင် စိုက်ပါ ပျိုးပါ ထိန်းသိမ်းပါ (အယ်ဒီတာအာဘော်)

ကမ္ဘာကြီးပူနွေးလာမှုသည် သစ်တောပြုန်းတီးမှုနှင့် တနည်းမဟုတ်တနည်း ဆက်စပ် ပတ်သက်နေ၏။ သစ်တောပြုန်းတီးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံး နိုင်ငံများအနက် တတိယအဆိုးရွားဆုံးနိုင်ငံ ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည်။ မြန်မာသစ်တောဖုံးလွှမ်းမှုကို ပြန်ကြည့်လျှင် ၁၉၄၈ ခုနှစ်၌ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၁၉၅၆ ခုနှစ် ဖဆပလ လက်ထက်၌လည်း သစ်တောဖုံးလွှမ်းမှု ဧရိယာ ၆၅ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင်မူ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၃၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း မြန်မာနိုင်ငံ သစ်တောပညာရှင် ဦးအုံးက ထုတ်ဖော်ဖွင့်ဟခဲ့သည်။ သစ်တောထိန်းသိမ်းမှုတွင် အင်္ဂလိပ်တို့က တန်ဖိုးထား၍ စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သစ်ပင်သစ်တော ခုတ်ယူခြင်း စိုက်ပျိုးခြင်းတို့ကို ဥပဒေအရ ကန့်သတ်၍ ခုတ်ယူစေခဲ့ပါသည်။ အချို့သော သစ်တောများကိုမူ လုံးဝခုတ်ယူခွင့်မပြုဘဲ ကန့်သတ်ခဲ့သည်တို့လည်း ရှိခဲ့သည်။ ၁၈၅၃ ခုနှစ်ထဲတွင် အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပြီးနောက် မြန်မာသစ်တောနှင့် ရာသီဥတုမျှတရေး သုတေသနလုပ်ရာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မန္တလေးမြို့များတွင် ရေငွေ့ပျံနှုန်း မြင့်မားလာသည်ကို တွေ့သဖြင့် အထက်မြန်မာပြည်သည် မိုးခါင်ရေရှားရပ်ဝန်း ဖြစ်တော့မည်ဟု သုံးသပ်ကာ “နင်းကြမ်းသစ်တော” တခုလုံးကို လုံးဝခုတ်ယူခွင့်မပြုရန် ပိတ်ပင်တားမြစ်ခဲ့သော မှတ်တမ်းများ ရှိခဲ့သည်။ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းယူပြီးသည့်နောက်ပိုင်း ၁၉၀၂ ခုနှစ်တွင် Forest Law (သစ်တောဥပဒေ) ကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို ၁၉၅၆ တွင် တကြိမ်ပြင်ခဲ့သည်။ ၁၉၉၂ ခုနှစ် နဝတလက်ထက်တွင် ထပ်မံပြင်ဆင်ပြီး ယင်းဥပဒေနှင့်အတူ သစ်တောထွက် သယံဇာတများနှင့် ဓာတ်သတ္တုများပါ ပြည်ပသို့ အထိန်းအကွပ်မဲ့ တင်ပို့ကြတော့သည်။ ထို့ကြောင့် ကုန်းတွင်းသစ်တောများသာမက ဒီရောက်သစ်တောများပါ ပြုန်းတီးခဲ့တော့သည်။ သစ်တောပြုန်းတီးမှုအရ အင်္ဂလိပ်လက်ထက် ၁၈၅၃ မှ လွတ်လပ်ရေးရသည်အထိ တွက်လျှင် ၅ ရာခိုင်နှုန်းခန့်သာ ပြုန်းတီးခဲ့သည်ကို တွေ့ရပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်းမှ ၂၀၀၀ ခုနှစ်အထိ ၃၀ ရာခိုင်နှုန်းအထိ ပြုန်းတီးခဲ့သည်ကို တွေ့ရသည်။ သစ်တောပြုန်းတီးမှုနှင့် ရာသီဥတု ပူနွေးလာမှုကြောင့် ပြုန်းတီးခဲ့သော သစ်ပင်များအား ပြန်လည်စိုက်ပျိုးခြင်းကို ယခုနောက်ပိုင်းတွင် နှစ်စဉ်နှစ်တိုင်း သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများနှင့် အဖွဲ့အစည်း အသီးသီးက စိုက်ပျိုးလာသည်တို့ကို မီဒီယာများတွင် တွေ့မြင်လာရသည်။ သို့သော် ပြုန်းတီးသွားခဲ့သော သစ်တောဧရိယာ ၃၀ ရာခိုင်နှုန်း ပြန်လည်နာလန်ထူရန်မှာ ဤမျှလောက်ဖြင့် မဖြစ်နိုင်ဘဲ စီမံကိန်းချ၍ စနစ်တကျ ပြန်လည်စိုက်ပျိုးရပေလိမ့်မည်။ ထို့အပြင် ပြန်လည်စိုက်ပျိုးထားသော အပင်များအား ရှင်သန်နိုင်စေရန် ပေါင်းနှုတ် ပျိုးထောင်ပေးခြင်းတို့ ပြုလုပ်ရန်လည်း လိုအပ်ပါသည်။ စိုက်တုန်းကစိုက်ပြီး ပျိုးထောင်ပြုစုမှု ကင်းမဲ့ပါကလည်း အကျိုးမရှိ။ ထို့ကြောင့် စနစ်တကျထိန်းမှု ပြုလုပ်ရန် လိုပါလိမ့်မည်။ တနှစ်တနှစ် ပြန်လည်စိုက်ပျိုးခဲ့ကြသော ဧကမှာ မနည်းလှပေ။ သို့သော် ပြုစုသူကင်းမဲ့သဖြင့် သစ်ပင်များ ရှင်သန်မှုမရှိ အဟောသိကံ ဖြစ်သည်တို့လည်း ရှိပါသည်။ ခုသီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံအနှံ့ သစ်ပင်စိုက်ပျိုးပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ သစ်ပင်စိုက်ပွဲတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုအများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်မှာ အားရစရာဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး တခုတည်းတွင် အပင်ပေါင်း တသိန်းကျော် စိုက်ပျိုးခဲ့သည်ကို တွေ့ရသည်။ ထိုနည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင်လည်း စိုက်ပျိုးခဲ့ကြသည်။ အဆိုပါ စိုက်ပျိုးပြီးအပင်တို့ကို ဆက်လက်ရှင်သန်စေရန် ပြုစုခြင်း ထိန်းသိမ်းခြင်းတို့အတွက် သစ်တောဦးစီးနှင့် အသေအချာ ညှိနှိုင်းတာဝန်ယူ လုပ်ဆောင်နိုင်ပါမှ တချိန် အကျိုးရှိနိုင်မည်ဖြစ်ပြီး ဆုံးရှုံးခဲ့ရသော သစ်တောဧရိယာများ ပြည့်မီအောင် လုပ်ဆောင်လာနိုင်ပေမည်။ ထို့ကြောင့် သစ်ပင်စိုက်ပါ၊ ပျိုးပါ၊ ထိန်းသိမ်းပါဟု မြန်မာပြည်သူအပေါင်းအား ဆော်သြ တိုက်တွန်းလိုက်ရပေသည်။
2 years Ago
Up