သက်ထားသူဇာ

June 17, 2019

မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ

၂၀၁၉ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာကစားသမား သက်ထားသူဇာက ဖင်လန်နိုင်ငံမှ ကစားသမား အိုင်ရီမစ်ခီလာ ကို  ၂၁-၁၀၊ ၂၁-၁၉ နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။  မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့တာပါ။ ဒီပွဲကို အာဖရိက ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတာပါ။ သက်ထားသူဇာဟာ အဲဒီပြိုင်ပွဲကို ရှုံးထွက်ပထမအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ  အိမ်ရှင် မောရစ်သျှနိုင်ငံသူကို နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်မှာ မလေးရှားနိုင်ငံသူကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲမှာ အိန္ဒိယနိုင်ငံသူကို နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ပြီး  ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာလည်း ပြိုင်ဖက်ကို ၂ ပွဲ ပြတ်အနိုင်ယူပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ “အဖေများနေ့မှာ ဖေဖေ့အတွက် လက်ဆောင်၊ ညီမကို အားပေးကြတဲ့သူအားလုံးကို ညီမ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။” လို့ သက်ထားသူဇာက သူ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားပါတယ်။
2 years Ago

June 16, 2019

FLEET Mauritius International ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဖိုင်နယ်တက်လှမ်း

မြန်မာနိုင်ငံရဲ့ နာမည်ကြီးကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မောရစ်ရှနိုင်ငံမှာ ကျင်းပနေတဲ့ FLEET Mauritius International 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီးတော့ အမျိုးသမီးတဦးချင်းပွဲစဉ်မှာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဖိုင်နယ်အဆင့်မှာ ယှဉ်ပြိုင်ရမယ့် ကစားသမားကတော့ သက်ထားသူဇာထက် ကမ္ဘာ့အဆင့် ၂၄ ဆင့်မြင့်တဲ့ ဖင်လန်နိုင်ငံသူ အိုင်ရီမစ်ခီလာ ဖြစ်ပါတယ်။ မစ်ခီလာဟာ နိုင်ငံတကာပွဲအတွေ့အကြုံများပြီး ပွဲပေါင်း ၂၄၄ ပွဲကစားထားရာမှာ ၁၂၆ ပွဲနိုင် ၁၁၈ ပွဲရှုံးနိမ့်ထားပါတယ်။ သက်ထားသူဇာကတော့ လက်တလောကမ္ဘာ့အဆင့် ၁၃၅ မှာရှိနေပြီး ကစားသမား သက်တမ်းတလျှောက် ၄၈ ပွဲကစားရာမှာ ၃၃ ပွဲနိုင် ၁၅ ပွဲရှုံးနိမ့်ထားပါတယ်။ အခုနှစ်ကစားထားတဲ့ နိုင်ငံတကာပွဲတွေမှာတော့ သက်ထားသူဇာက ၁၀ ပွဲနိုင်ပြီး ၂ ပွဲသာ ရှုံးနိမ့်ထားပေမယ့် ဖင်လန်နိုင်ငံသူ မစ်ခီလာကတော့ ၂ ပွဲသာအနိုင်ရထားပြီး ၅ ပွဲရှုံးနိမ့်ထားပါတယ်။ သက်ထားသူဇာကတော့ ထုံးစံအတိုင်းပဲ အစွမ်းကုန်ကြိုးစားသွားဖို့ လူမှုကွန်ရက် ကနေတဆင့် သူ့ရဲ့ ပရိသတ်တွေကို တောင်းဆိုထားခဲ့ပါတယ်။
2 years Ago
More News
Up