ဝူဟန်မြို့

January 31, 2021

WHO ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ဆေးရုံကို သွားရောက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ ဇန်နဝါရီ ၃၀ ရက်က ဝူဟန်မြို့ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ 

အဲဒီဆေးရုံဟာ ကပ်ရောဂါ စဖြစ်ချိန်က ကိုဗစ်လူနာတွေကို ကုသပေးတဲ့ အဓိက ဆေးရုံတွေထဲကတခု ဖြစ်ပါတယ်။ 

ဒါဟာ စုံစမ်းရေးအဖွဲ့ရဲ့ ဒုတိယနေ့ ကွင်းဆင်းလေ့လာမှုဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် စုံစမ်းရေးအဖွဲ့ရဲ့ ဝူဟန်မြို့က အဆက်အသွယ်တွေကို တရုတ် အာဏာပိုင်တွေက လျှော့ချသွားမယ်လို့ WHO ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လက်ကျန် သီတင်းနှစ်ပတ်အတွင်း စုံစမ်းရေးအဖွဲ့ဟာ ဓာတ်ခွဲခန်းတွေ၊ ဈေးတွေနဲ့ ဆေးရုံတွေကို လေ့လာဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ ခရီးစဉ် အသေးစိတ်ကို မကြေညာပေမယ့် ကပ်ရောဂါ စဖြစ်ရာ ပင်လယ်စာဈေးနဲ့  ဝူဟန်ဗိုင်းရပ်စ်ဗေဒစင်တာကို သွားရောက်မယ်လို့  WHO  က ပြောထားပါတယ်။

WHO ဦးဆောင်တဲ့ ကပ်ရောဂါ ဇာစ်မြစ်စုံစမ်းရေးဟာ ကြန့်ကြာမှုတွေ၊ ဝင်ရောက်ခွင့်ရဖို့  စိုးရိမ်မှုတွေနဲ့ တရုတ်-အမေရိကန်ကြား ငြင်းခုံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ရိုက်တာက အစီရင်ခံပါတယ်။

3 months Ago

January 3, 2021

ကိုဗစ်ဗဟိုချက် ဝူဟန်မြို့ ကို WHO အဖွဲ့ စုံစမ်းစစ်ဆေးမည့်အပေါ် ဒေသခံများ ကြိုဆို

ကိုဗစ်-၁၉ ဗဟိုချက်ဖြစ်ခဲ့တဲ့ ဝူဟန်မြို့ကို စုံစမ်းမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ခရီးစဉ်ကို ဝူဟန်မြို့သူမြို့သားတွေက ဇန်နဝါရီ ၂ ရက်မှာ ကြိုဆိုလိုက်ပါတယ်။  ဝူဟန်မြို့ ပင်လယ်စာဈေးနဲ့ ဆက်နွှယ်တဲ့ ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုကို ပထမဆုံး ဖော်ထုတ်ပြီး တစ်နှစ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ သွားဖို့ မျှော်လင့်တယ်လို့ WHO က ပြောပါတယ်။  တရုတ်သုတေသီတွေ စုဆောင်းထားတဲ့ လူသားနဲ့ တိရစ္ဆာန် နမူနာတွေ အပါအဝင် အထောက်အထားတွေကို စုံစမ်းပြီး ကနဦးလေ့လာချက်တွေလုပ်ဖို့ နိုင်ငံတကာပညာရှင် ၁၂ ယောက်ကနေ ၁၅ ယောက်ကြား ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ဝူဟန်ကို လာရောက်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မူလဇာစ်မြစ်နေရာဆီ နိုင်ငံတကာစုံစမ်းရေးအဖွဲ့ စေလွှတ်ဖို့ တောင်းဆိုတာတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ပေမယ့်  WHO ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ကိုတော့ လမ်းဖွင့်ထားတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။  ဝူဟန်ဒေသခံတွေကတော့ ဒီလိုလာရောက်တာက ရောဂါဇာစ်မြစ်ကို သဲသဲကွဲကွဲ သိသွားစေမှာမို့ ဒီခရီးစဉ်ကို ကြိုဆိုခဲ့ပါတယ်။  ဝူဟန်ဒေသခံအတော်များများက ဗိုင်းရပ်စ်ဟာ ဝူဟန်က စဖြစ်တာ မဟုတ်ဘဲ စစ်ရေးလေ့ကျင့်ခန်းလို လှုပ်ရှားမှုတွေကတဆင့် ပြင်ပက ကူးစက်တာ ဖြစ်နိုင်တယ်ဆိုပြီး ထင်နေကြတယ်လို့ ရစ်ချက်လူ ဆိုသူ ကျောင်းသားတစ်ဦးက ပြောခဲ့ပါတယ်။
4 months Ago
More News
Up