ဝီဂါမွတ်စလင်

May 14, 2021

ဝီဂါမွတ်စလင်များအရေး ကုလအစည်းအဝေးတွင် တရုတ်နှင့် အနောက်နိုင်ငံများ ပဋိပက္ခ ဖြစ်

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းပြည်နယ်က ဝီဂါမွတ်စလင် တိုင်းရင်းသားတွေအပေါ် တရုတ်အစိုးရရဲ့ ဆက်ဆံပုံနဲ့ပတ်သက်ပြီး အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့ဟာ တရုတ်နဲ့ ကုလသမဂ္ဂအစည်းအဝေးအတွင်း ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။

 မေ ၁၂ ရက်က ရှင်းကျန်းအရေးနဲ့ ပတ်သက်ပြီး ခပ်ဝေးဝေးနေကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က ဆွယ်တရားဟောနေတဲ့ အွန်လိုင်အစည်းအဝေးကို နိုင်ငံပေါင်း ၅၀ ကျော်  တက်ရောက်စဉ် ခုလိုဖြစ်လို့ တရုတ်အစိုးရက ဒေါသထွက်ခဲ့တာပါ။

ရှင်းကျန်းပြည်နယ်ထဲမှာ ဝီဂါနဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရုတ်အစိုးရက ရပ်လိုက်တဲ့အထိ ဆက်ရပ်တည် ပြောဆိုသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ်က အစည်းအဝေးမှာ ပြောပါတယ်။

 ရှင်းကျန်းမှာ လူတွေက ညှင်းပန်းနှိပ်စက် ခံနေရပြီး အမျိုးသမီးတွေက အတင်းအဓမ္မ သားကြောဖြတ် ခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။ 

ရှင်းကျန်းအာဏာပိုင်တွေဟာ ဝီဂါနဲ့ တခြား တိုင်းရင်းသားတွေကို စခန်းတွေထဲမှာ ဖမ်းဆီး နှိပ်စက်နေတယ်လို့ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေက စွပ်စွဲ ထားပါတယ်။

 တရုတ်အစိုးရကတော့ စွဲချက်ကို ငြင်းပြီး ဒီစခန်းတွေဟာ ဘာသာရေး အစွန်းရောက်မှုကို တိုက်ဖျက်ရေး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သင်ကြားပေးနေတဲ့ သင်တန်းကျောင်းလို့ ရည်ညွှန်း ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ အတွင်းရေးမှူးချုပ် အဂ်နက်စ် ကော်လာမာ့ဒ်ကတော့ ဝီဂါတိုင်းရင်းသားတွေနဲ့ မွတ်စလင် တိုင်းရင်းသား လူနည်းစုတွေ ခန့်မှန်းခြေ အယောက်  ၁ သန်းလောက် ဥပဒေမဲ့ ထိန်းသိမ်းခံ ထားရတယ်လို့ အစည်းအဝေးအတွင်း ပြောခဲ့တာပါ။

 ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်ကတော့ စွဲချက်တွေ အားလုံးက အလိမ်အညာ တွေနဲ့ စွဲချက်အတုတွေလို့ ပြောဆို ပယ်ချပြီး အခမ်းအနား စီစဉ်သူတွေဟာ တရုတ်နဲ့ ထိပ်တိုက်တွေ့ဖို့ ဆွပေးချင်စိတ် များလွန်းနေတယ်လို့လည်း စွပ်စွဲပါတယ်။

 တရုတ်ဆန့်ကျင်ရေးပွဲစဉ်မှာ မပါဝင်ဖို့ကိုလည်း တရုတ်အစိုးရက တခြားနိုင်ငံတွေကို တိုက်တွန်းပါတယ်လို့ တရုတ်သံတမန်က ပြောပါတယ်။

ဂျာမနီ၊ အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့က စီစဉ်တဲ့ ဒီအစည်းအဝေးကို ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တခြား ဥရောပနိုင်ငံ အတော်များများက ပူးတွဲ ထောက်ခံခဲ့ပါတယ်။

 ဒီအစည်းအဝေးကို ထောက်ပံ့ခဲ့တဲ့ နိုင်ငံတွေဟာ ကြီးမားတဲ့တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျာမန် သံအမတ်ကြီးက ပြောပေမဲ့ အသေးစိတ် အကျယ်တဝင့်တော့ မပြောခဲ့ပါဘူး။ 

“ရှင်းကျန်းက အခြေအနေဟာ ကျမတို့ ခေတ်မှာ အဆိုးဆုံး လူ့အခွင့်အရေး အကြပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး သက်သေတွေက တိုင်းရင်းသား အုပ်စုတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ရပ်ကို ညွှန်ပြနေတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောခဲ့ပါတယ်။

 ကုလလူ့အခွင့်အရေး အကြီးအကဲ မစ်ချဲဘာချေးလက်ကို ရှင်းကျန်းပြည်နယ်ထဲ အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ချက်ချင်းပေးဖို့ကိုလည်း ဆော်သြခဲ့ပါတယ်။

3 months Ago
Up