ဝီကိလိခ်စ်တည်ထောင်သူ

February 24, 2020

ဝီကိလိခ်စ်တည်ထောင်သူကို ပြန်လွှတ်ပေးရန် လူရာချီ ဆန္ဒပြတောင်းဆို

ထောင်ဒဏ် ကျခံနေရတဲ့ ဝီကိလိခ်စ်အင်တာနက်စာမျက်နှာကို တည်ထောင်သူ ဂျူလီယာ အာဆန်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံရဲ့မြို့တော် လန်ဒန်တလွှားမှာ ရာနဲ့ချီတဲ့လူတွေ ဖေဖော်ဝါရီ ၂၂ရက်မှာ ချီတက်တောင်းဆိုခဲ့ကြပါတယ်။  သြစတြေးလျနိုင်ငံသား အာဆန်ကို ရာဇဝတ်သား လွှဲပြောင်းရေး သဘောတူညီချက်အရ အမေရိကန်နိုင်ငံဆီ လွှဲပေးမလားဆိုတာ လန်ဒန်တရားရုံးက ဖေဖော်ဝါရီ ၂၄ရက်မှာ ကြားနာဖို့ ရှိနေပါတယ်။  သတင်းပညာဟာ ရာဇဝတ်မှု မဟုတ်ဘူးလို့ ကြေညာထားတဲ့ ဆိုင်းဘုတ်တွေကို ဝှေ့ယမ်းရင်း ဆန္ဒပြသူတွေက လွှတ်တော်ရင်ပြင်ဆီ ချီတက်ခဲ့ပါတယ်။ အာဆန်ဟာ ကာလကြာရှည် အိမ်တွင်းအောင်း နေခဲ့ရလို့ ကျန်းမာရေး ထိခိုက်နေတယ်၊ သူ့သားကို အမေရိကန်ဆီ လွှဲပေးတာဟာ သေမိန့်ကျတာနဲ့ တူတူပဲလို့  ဆန္ဒပြပွဲမှာပါဝင်တဲ့ အာဆန်ရဲ့ဖခင် ဂျွန် ရှစ်ပ်တွန်က ပြောပါတယ်။ အာဆန်ကို လေးစားသူတွေက အာဆန်ဟာ အာဏာအလွဲသုံးမှုကို ဖော်ထုတ်သူလို့ ပြောကြပြီး ဝေဖန်သူတွေကတော့ အနောက်တိုင်းလုံခြုံရေးကို လှိုက်စားတဲ့ အန္တရာယ်ကြီးတဲ့ နိုင်ငံ့ ရန်သူလို့ ပြောပါတယ်။ ရာဇဝတ်သား လွှဲပြောင်းမှုဆိုတာဟာ အာဆန်ရဲ့ ဖော်ထုတ်မှုတွေကြောင့် ရှက်ရမ်းရမ်းပြီး နိုင်ငံရေး အကွက်ရွှေ့တာလို့လည်း ဂျွန်ရှစ်ပ်တွန်က ပြောပါတယ်။  အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို အင်တာနက်ပေါ် ဖြန့်ချိမှုအတွက် အမေရိကန် အစိုးရက ဒေါသထွက်အပြီး အာဆန်ကို အစိုးရကွန်ပျူတာ ဖောက်ထွင်းမှု၊ သူလျှိုမှုတို့ အပါအဝင် ရာဇဝတ်မှု ၁၈ မှုနဲ့ လိုချင်နေတာပါ။  အသက် ၄၈ နှစ်အရွယ် အာဆန်ကတော့ ဗြိတိန်နိုင်ငံဆိုင်ရာ အီကွေဒေါသံရုံးထဲမှာ ၇နှစ်ကြာ ခိုလှုံနေထိုင်ခဲ့အပြီး ပြီးခဲ့တဲ့ဧပြီလက သံရုံးထဲကနေ ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရပါတယ်။
1 year Ago
Up