ဝါးသွားခုတ်သူ

January 23, 2021

မေယုတောင်ခြေ ဝါးသွားခုတ်သူ ၂ ဦး လက်နက်ကိုင်အဖွဲ့က ရိုက်နှက်သဖြင့် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာ မေယုတောင်ခြေအနီး ဝါးသွားခုတ်တဲ့ အောင်သုခ ကျေးရွာသား ၂ ဦး ဇန်နဝါရီ ၂၁ ရက် နေ့ မနက် ၁၀ နာရီလောက်က အမည်မသိ လက်နက်ကိုင်အဖွဲ့တခုရဲ့ ရိုက်နှက်ခံရတာကြောင့် ပြင်းထန်စွာ ဒဏ်ရာများရရှိပြီး မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဒဏ်ရာရရှိသူ အောင်သုခကျေးရွာသား ကိုမင်းသိုက်ထွန်းက "ကျနော်တို့ ၂ ဦးက မနက် ၁၁ နာရီလောက်မှာ မေယုတောင်ခြေအနီးဝါးသွားပြီး ပြန်လာဖို့ လုပ်နေတဲ့အချိန်မှာ လက်နက်ကိုင်ထားတဲ့.. ၂ ဦးရောက်လာပြီး သေနတ်နဲ့ချိန်ပြီး ဓားတွေကိုချခိုင်းတယ်။ လက်ကိုနောက်ပြန်တုပ်ပြီး ကြိုးနဲ့ချည်တယ်၊ တောထဲကိုခေါ်သွားတယ်။ နောက် သူတို့အဖွဲ့က ၃ ဦးနဲ့ ထပ်တွေ့ပြီး ကျနော်တို့ ၂ ဦးလုံကို သေနတ်ဘောင်နဲ့ ရိုက်တယ်၊ ဝါးချွန်တွေနဲ့ထိုးတယ်။ ​ကျောကုန်းတွေကို ပြေးကန်တယ်။ နေ့လယ် ၂ နာရီကျော်မှာ ပြန်လွှတ်လိုက်တယ်။" လို့ ပြောပါတယ်။

ရိုက်နက်ခံရတဲ့ အောင်သုခရွာသား ၂ ဦးမှာ ဦးကျော်ဇောအောင်နဲ့ ကိုမင်းသိုက်ထွန်း တို့ဖြစ်ပြီး အိမ်ခြံစည်းရိုးထိုးဖို့ မေယုတောင်ခြေမှာ ဝါးသွားခုတ်ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၃ နာရီလောက်ကလည်း မောင်တောမြို့နယ်(တောင်ပိုင်း) ဥဒေါင်းကျေးရွာရှိ ပုစွန်ကန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသား ၅ ဦးအား အမည်မသိအဖွဲ့စည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၀ ရက်အကြာမှာ သိန်း ၆၀၀ လျော်ကြေးပေးမှ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို မောင်တောဒေသမှာ မကြာခဏဆိုသလို လက်နက်ကိုင်အဖွဲ့တွေရဲ့ မိုင်းခွဲတိုက်ခိုက်တာ၊ ဖမ်းဆီးခံရတာတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် ဖြစ်နေတာလို့ မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)  ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က သုံးသပ်ပါတယ်။

လင်းလက်

4 months Ago
Up