ဝန်ကြီးဌာန

June 27, 2019

ဝန်ကြီးဌာနသစ်တိုးချဲ့ရေးကိစ္စ  ရခိုင်လွှတ်တော်ပယ်ချ 

နိုင်ငံတော်သမ္မတကပေးပို့ထားတဲ့ ဝန်ကြီးဌာနသစ်တိုးချဲ့ရေးကိစ္စ ကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်မပြုဘဲ  မဲခွဲဆုံးဖြတ် ပယ်ချလိုက်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ ၁၄ ခုစလုံးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနသစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ အဆိုပြုထားတဲ့ ကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်မှာ ပယ်ချခံခဲ့ရတာပါ။ ဇွန်လ ၂၆ ရက်က ကျင်းပတဲ့ ရခိုင်ြ့ပည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုရယူရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကလွဲပြီး ရခိုင်ပါတီနဲ့ ကျန်တဲ့ တခြားပါတီကိုယ်စားလှယ်တွေအကုန် လုံးက ကန့်ကွက်ခဲ့ကြတာပါ။ ရခိုင်ပြည်နယ်မှာ တခြားပြည်နယ်တွေ ထက်ထူးခြားတဲ့ ဘင်္ဂါလီပြဿနာရှိနေတဲ့အတွက် ဒီဝန်ကြီးဌာနသာ ထပ်တိုးလာရင် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာသာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးကို ထိခိုက်လာနိုင်မလားဆိုတာကိုစိုးရိမ်တာကြောင့် အခုလို ကန့်ကွက်ရ တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘူးသီးတောင် (၁) မဲဆန္ဒနယ်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ  ရသေ့တောင် (၁) မဲဆန္ဒနယ်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကတော့ “အဲဒီဝန်ကြီးဌာနဟာ အခုလက်ရှိမှာလည်းရှိနေပြီးသားဖြစ်သလို ဝန်ကြီးဌာနတခုတိုးလာတိုင်း နိုင်ငံတော်ဘတ်ဂျက်ကို ထိခိုက်တာကြောင့် မလိုအပ်ဘူးထင်လို့ ကန့်ကွက်တာ”လို့ ပြောပါတယ်။ ထပ်တိုးချမယ့် အဲဒီဝန်ကြီးဌာန မလိုအပ်ဘူးဆိုတာ ထင်ကြေးပေးနေကြတာသာဖြစ်ပြီး ဒီဝန်ကြီးဌာနက လုပ်တဲ့စွမ်းရည်ကို ကြည့်ပြီးမှ ဆုံးဖြတ်ရမှာဖြစ်သလို မလုပ်ခင်မှာ တားမြစ်တာမျိုး မလုပ်သင့်ဘူးလို့   တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမြင့်သူက ပြောပါတယ်။ အဲဒီဝန်ကြီးဌာနသစ်ဖွဲ့စည်းနိုင်ရေးအဆိုကို သမ္မတက ဦးဝင်းမြင့်က ဇွန်လ ၁၉ ရက်နေ့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ အကုန်လုံးကို ပေးပို့ခဲ့တာပါ။ ဒီအဆိုနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူရာမှာ ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ၂၂ မဲရှိခဲ့တာဖြစ်ပြီး ကန့်ကွက်မဲများနေတာကြောင့် အဲဒီအဆိုရှုံးနိမ့်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာတော့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသစ်တိုးချဲ့ဖွဲ့စည်းတာကို သက်ဆိုင်ရာ လွှတ်တော်တွေက အတည်ပြုပေးနေပါတယ်။
2 years Ago

February 19, 2018

ဝန်ကြီးဌာနအချို့ အနာပေါ်တုတ်ကျတာ ရှိနေဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြော (ရုပ်သံ)

လွှတ်တော်ကိုယ်စားလှယ်တွေက အောက်ခြေ ပကတိမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးတဲ့အခါမှာ အစိုးရဝန်ကြီးဌာနတချို့က အနာပေါ်တုတ်ကျတာ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ "ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးတဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်တွေနဲ့ မညီရင် ကျနော်တားမှာပဲ ဖြစ်ပါတယ်။ တချို့ဝန်ကြီးဌာနက ကျနော်တို့ ကိုယ်စားလှယ်တွေ အောက်ခြေ ပကတိမြေပြင် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောရရင် အနာပေါ် တုတ်ကျတာ ရှိပါတယ်။” ကိုယ်စားလှယ်တွေ ဆွေးနွေးရတယ်ဆိုတာ လွှတ်တော်နဲ့ အစိုးရအကြား အပြန်လှန် ထိန်းကြောင်းတဲ့ သဘောအရ ဆွေးနွေးတာဖြစ်တယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။ “အဲ့လိုဆွေးနွေးတာကို တချို့ဝန်ကြီးဌာနတွေအနေနဲ့ သူတို့ဌာနကို ဝေဖန်တယ်။ ထိုးနှက်တယ်ထင်ရင် ကိုယ်စားလှယ်တွေ ဆွေးနွေးလို့မရအောင်၊ မေးမြန်းလို့မရအောင်၊ အဆိုတင်လို့မရအောင်၊ ဝေဖန်ထိုးနှက်လို့ မရအောင်၊ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ အညီ မှန်မှန်ကန်ကန် လုပ်ဖို့လိုပါတယ်။ မှန်မှန်ကန်ကန် မလုပ်ရင်တော့ ဒီအခွင့်အရေးဟာ ကိုယ်စားလှယ်တွေမှာ ရှိနေပါတယ်။ ဒါက Chack and Balance သဘော၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ၁၁(ဃ) က ပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာပါ။ အဲ့ဒီအာဏာကို မသုံးစွဲစေချင်ရင် ကိုယ့်ဘက်က ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအတိုင်း လုပ်ကြဖို့လိုတယ်။ ဒါကိုလည်း အဲ့လိုဖြစ်တဲ့ တချို့ဝန်ကြီးဌာနကို ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။" ဖေဖော်ဝါရီ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ချန်လှပ်ခံရတဲ့ ညောင်လေးပင်မြို့ကို ခရိုင်အဆင့်တိုးမြှင့်ဖို့ကိစ္စနဲ့ ဖက်ဒရယ်စနစ်အား ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွဲခဲ့လျှင် ညောင်လေးပင်မြို့ကို ခရိုင်အဆင့် ထည့်သွင်းရေးဆွဲရန် အစီအစဉ်ရှိမရှိ၊ မေးခွန်းကိစ္စနဲ့ ပတ်သက်ပြီးလည်း နည်းဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် မေးခွင့်မပြုတာဖြစ်တဲ့အကြောင်း ရှင်းလင်းပြောဆိုရင်း  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အခုလိုပြောဆိုခဲ့တာပါ။
3 years Ago
Up