ဝတ်ဖို့ဒ်

March 12, 2019

ဝတ်ဖို့ဒ်နှင့်ပွဲတွင် စတာလင်သွင်းသည့်ဂိုးကို မှားယွင်းပေးမိခြင်းဖြစ်ဟု ကွင်းလယ်ဒိုင်ဝန်ခံ

ဝတ်ဖို့ဒ်နဲ့ပွဲစဉ်မှာ စတာလင်သွင်းတဲ့ ဦးဆောင်ဂိုးဟာ မှားယွင်းပေးလိုက်တဲ့ဂိုး ဖြစ်တယ်လို့ ကွင်းလယ်ဒိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဝတ်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒုတိယပိုင်းအစမှာ ကွင်းလယ်က ဂန်ဒိုဂန် မတင်ပေးတာကို အဂွေရို ရင်ဘတ်နဲ့ထိန်းပြီး ပေးပို့လိုက်တဲ့အချိန်မှာ ဂိုးသွင်းယူသွားတဲ့ စတာလင် လူကျွံအနေအထားမှာ ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီး စည်းကြပ်ဒိုင်က အလံထောင်ပြခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ဂိုးပေးခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝတ်ဖို့ဒ်နောက်ခံလူဖြစ်တဲ့ ဂျန်မက်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ကာပိုးလ်နဲ့ ဒယ်လိုဖူတို့က စောဒကတက်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပါဘူး။ ပွဲအပြီးမှာ သုံးသပ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီရာနေးက သူ့ရဲ့ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း The Sun က ဖော်ပြသွားပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း လူကျွံဘောဖြစ်တယ်ဆိုတာကို ဝန်ခံသွားပါတယ်။ ဝတ်ဖို့ဒ်အသင်းတွက် စိတ်မကောင်းဖြစ်မိပေမယ့်လည်း ဂိုးသွင်းခွင့်တွေ အများကြီး ရနေတဲ့အတွက် အဲဒီဂိုး ခွင့်မပြုခဲ့ရင်လည်း ဂိုးတွေထပ်သွင်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
2 years Ago

January 15, 2019

ချန်ပီယံလိဂ် ကစားချင်၍ ဝတ်ဖို့ဒ်မှ ထွက်ခွာမည်ဟု ကွင်းလယ်လူ ဒူကူ ပြော

ချန်ပီယံလိဂ် ကစားချင်တဲ့အတွက် ဝတ်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ ကွင်းလယ်ကစားသမား အက်ဗ်ဒူလာဒူကူက ပြောကြားလိုက်ပါတယ်။ အသက် ၂၆ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ ဒူကူဟာ ဝတ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြသနေတာကြောင့် ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူလိုနေတာပါ။ "ဝတ်ဖို့ဒ်ကနေ ကျေနာ် ထွက်ခွာရမယ်လို့ ထင်ပါတယ်။ ကလပ်အသင်းဘက်ကလည်း ကျေနာ့်ရဲ့ ရည်မှန်းချက်ကို သိပြီးတော့ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးချင်လိမ့်မယ်လို့ ထင်ပါတယ်။ ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သိရတာဟာ ဝမ်းသာစရာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝတ်ဖို့ဒ်အသင်းမှာ အကောင်းဆုံး ဆက်ကစားနိုင်ဖို့ပဲ အာရုံစိုက်ပါတယ်။ ဝတ်ဖို့ဒ်အသင်းမှာ အကောင်းဆုံးကစားပြီး ချန်ပီယံလိဂ် ကစားရမယ့်အသင်းကို ပြောင်းရွှေ့ချင်တာက ကျနော့်ရည်မှန်းချက်ပါ" လို့ ပြင်သစ်ရုပ်သံတခုနဲ့ အင်တာဗျူးမှာ  ဒူကူက ပြောကြားခဲ့ပါတယ်။ ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းဟာ ဒူကူအတွက် ပေါင်သန်း ၅၀ လောက်နဲ့ ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။ ရင်းနက်စ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဒူကူဟာ ပြင်သစ် လူငယ်လက်ရွေးစင်အသင်းတွေမှာ ကစားခဲ့ဖူးပြီး ၂၀၁၆ ကနေ လက်ရှိအချိန်အထိ ဝတ်ဖို့ဒ်အသင်းအတွက် ၇၈ ပွဲကစားပြီး ၉ ဂိုး သွင်းယူထားပါတယ်။
2 years Ago
More News
Up