ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဇန်နဝါရီ ၂၉ ရက် မနေ့ညနေပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ညနေ ၄ နာရီဝန်းကျင်က ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူတွေထိခိုက်တဲ့သတင်းမကြားသိရပေမဲ့ စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပါတယ်။
ဒေသခံတဦးက "ဗုံးပေါက်တာတော့ အသံအကျယ်ကြီးပဲ စစ်တပ်က ဗိုလ်ချုပ်လမ်းတလျှောက် စစ်ဆေးနေတာတွေ့တယ်။ ဆိုင်ကယ်တောင် ဖြတ်မရဘူး"လို့ ပြောပါတယ်။
လူမှုကူညီရေးအသင်းရုံးကားတွေထားရာနေရာကို ဆိုင်ကယ်ပေါ်ကနေ လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မပေါက်ကွဲသေးလို့ စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ဗိုလ်ချုပ်လမ်းပေါ်က ပရဟိတအသင်းကားတွေထားတဲ့နေရာ လက်လုပ်ဗုံးတွေ့လို့။ ဆိုင်ကယ်နဲ့လာပစ်သွားတာ။ စစ်တပ်က ဖောက်ခွဲပစ်တာ။”
လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာလည်း ဒီနေ့ မနက် ၆ နာရီခွဲက ရွှေဝါဆပ်ပြာစက်ရုံ ဒုအထွေထွေမန်နေဂျာအမျိုးသားတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှတ် ၂ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ လမ်းဘေးအသုတ်ဆိုင်မှာ မုန့်ဝယ်နေစဥ် အမည်မသိအမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"စက်ရုံထဲက ထွက်ပြီး ရတနာမွန်အိမ်ရာရှေ့က လမ်းဘေးဆိုင်မှာ အသုတ်လာဝယ်တာ။ အဲ့မှာ အပစ်ခံရတာပွဲချင်းပြီးပဲ"လို့ ပြောပါတယ်။
သေဆုံးသူမှာ ရွှေဝါဆပ်ပြာစက်ရုံမှာ ဒုအထွေထွေမန်နေဂျာဦးမြင့်စိုးဖြစ်ပြီး မျက်နှာကျည်ထိမှန်ဒဏ်ရာနဲ့သေဆုံးသွားကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒုအထွေထွေမန်နေဂျာဦးမြင့်စိုးကို ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ရတနာမွန်အိမ်ရာနဲ့ ဘုရင့်နောင်လမ်းတလျှောက် အိမ်စီးကားတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဇန်နဝါရီ ၁ ရက်မှ ၂၉ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု အကြိမ် ၃၀ ဖြစ်ခဲ့ပြီး ဗိုလ်မှူး ၃ ယောက်အပါအဝင် ၇ ယောက်သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်းရှိ စိန်ဂေဟာကုန်တိုက်ဘေးက တိုက်ခန်းတခုမှာ ဇန်နဝါရီ ၂၇ ရက် မနေ့ညက မီးလောင်မှုကြောင့် လူ ၆ ဦး လောက် ထိခိုက်ဒဏ်ရာရတယ်လို့ အနီးအနားနေ ဒေသခံတွေထံက သိရပါတယ်။
မနေ့ည ၇ နာရီ ၄၃ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့ရလို့ လှိုင်သာယာမီးသတ်စခန်းက ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ ည ၈ နာရီ ၅၄ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၂၃ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး အနီးနားရှိပြည်သူတစ်ဦးက “ ၆ ဦးထိတယ်။ ခုနကပဲ အရေးပေါ်ကားတွေနဲ့ သယ်သွားတယ်။ လောင်တာကတော့ five star ကြက်ကြော် အပေါ်ထပ်နားကစလောင်တာဖြစ်နိုင်တယ်။ ဘာကြောင့်လောင်တာလဲတော့မသိသေးဘူး”လို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုပမာဏကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ -MFSD